.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်
.
တောင်သူလယ်သမားများ၏ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်
ပုံစံ (၇) များ သတ်မှတ်ရက်အတွင်း အချိန်မီ ထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများကို
ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေက လွှတ်တော် တွင် ပြောဆိုခဲ့သည်ဟု
သိရသည်။
.
.တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး
တတိယနေ့ကို ယနေ့ ဇွန်လ ၁၁ ရက်၊ နံနက်ပိုင်းက ကျင်းပရာ အစည်းအဝေးတွင် ရပ်စောက်မြို့နယ်
ကိုယ်စားလှယ် အမှတ် (၁) ဦးအောင် ကျော်ညွန့်က “တောင်သူလယ်သမားများ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်
ပုံစံ (၇) လျှောက်ထားခြင်း လုပ်ငန်းစဉ်များ ပိုမို မြန်ဆန်၊ ပွင့်လင်းမြင်သာအောင် မည်ကဲ့သို့
ပြုပြင်ပြောင်းလဲမည်” ကို သိရှိလိုကြောင်း ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ခြင်းဖြစ်သည်။
.
မေးခွန်းနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးက လယ်ယာမြေဥပဒေ၊
နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် သတ်မှတ်ရက်အချိန်မီ
ပြီးစီးနိုင်ရေးအတွက် သက်ဆိုင်ရာဌာန များကိုလည်း လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ
ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.
“ပုံစံ (၇) က တောင်သူလယ်သမားတွေရဲ့ အရေးကြီးတဲ့ ပိုင်ဆိုင်မှုဖြစ်တယ်။
ချေးငွေ ချေးတဲ့အခါမှာလည်း ပုံစံ (၇) ရှိမှ ရတာဖြစ်တဲ့အတွက် ပုံစံ (၇) ကို သတ်မှတ်
စံနှုန်းနဲ့အညီ အမြန်ဆုံးရရှိရေးအတွက် မေးခွန်း မေးမြန်း တင်ပြရခြင်းဖြစ်ပါတယ်။ ကျေးရွာအုပ်စု
မြေယာကော်မတီ၊ မြို့နယ်မြေယာစီမံခန့်ခွဲမှု ကော်မတီ၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ၊
ဒီသုံးခုရဲ့ ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်ကို တစ်ဆင့်ချင်း ဘယ်လောက်ကြာမလဲ ဆိုတဲ့ စံသတ်မှတ်ချက်ကို
မေးတာ ဖြစ်ပါတယ်။ ကတိကဝတ်ယူတာ ဖြစ်ပါတယ်။ မေးမြန်းချက်အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊
စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ၁၁၁ ရက်အတွင်း ပြီးစီးအောင် ဆောင်ရွက်ပါမယ်လို့
ကတိကဝတ် အဖြစ် ရရှိပါတယ်” ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ညွန့်က ပြောသည်။
.
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) များကို
ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့က မြို့နယ် မြေစာရင်းဦးစီးဌာနသို့ ရက်ပေါင်း
၃၀ အတွင်း ပေးပို့ရပြီး မြို့နယ်မြေစာရင်းဦးစီးဌာနက ရက်ပေါင်း ၃၀ ကန့်ကွက်လွှာ ခေါ်ယူကာ
ကန့်ကွက်သူမရှိပါက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ မှတစ်ဆင့် ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့သို့
အဆင်ဆင့် တင်ပြရပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ထုတ်ပေးခြင်း သို့မဟုတ်
ငြင်းပယ်ခြင်း တို့ကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment