စည်းကမ်းမဲ့ KTV နှင့် Bar များကြောင့် လူငယ်များ ပျက်စီးလာမည်ကို မိဘများ စိုးရိမ်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, June 11, 2026

စည်းကမ်းမဲ့ KTV နှင့် Bar များကြောင့် လူငယ်များ ပျက်စီးလာမည်ကို မိဘများ စိုးရိမ်နေ


၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်

.
မြို့တော် တောင်ကြီး အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် KTV နှင့် Bar များ အပြိုင်အဆိုင် ပေါများလာနေလျက်ရှိရာ စည်းကမ်းမဲ့ KTV နှင့် Bar အချို့ကြောင့် လူငယ်များ ပျက်စီးလာမည်ကို မိဘများက စိုးရိမ်နေလျက် ရှိကြောင်း သိရသည်။
.
KTV နှင့် Bar အချို့တွင် Happy Water ခေါ် မူးယစ်ဆေး တစ်မျိုးအပြင် ကက်တမင်း (K) နှင့် အခြား မူးယစ်ဆေးဝါးမျိုးစုံ ရရှိနိုင်ပြီး လူငယ်များ လမ်းမှား ရောက်ကာ ပျက်စီးရန် လမ်းစ ဖြစ်နေသည်ဟု မိဘများက ပြောဆိုကြသည်။
.
ထို့အပြင် တောင်ကြီးမြို့နယ်အတွင်း တရားဝင် ဖွင့်လှစ်ခွင့်ပြုထားခြင်း မရှိသော Private Cinema ခေါ် ရုပ်ရှင်ရုံငယ်များလည်း ဖွင့်လှစ်နေသည့် အပြင် Private Game ကဲ့သို့သော အခန်းများလည်း တည်ရှိလာနေမှု အပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများက မသိကျိုးကျွံ ပြုနေသည်ဟု တောင်ကြီး ဒေသခံတစ်ဦးက ပြောသည်။
.
အခုခေတ်မှာ KTV တွေ၊ Bar တွေ ဆိုတာ ပေါမှပေါ့၊ လူငယ်တွေအတွက် ပျက်စီးဖို့ လမ်းစတွေက ဝေးဝေး သွား ရှာစရာကို မလိုတာ။ ဆိုင်တိုင်းကိုတော့ မပြောလိုပါဘူး၊ တရားဝင် စည်းနဲ့ကမ်းနဲ့ လုပ်တဲ့ဆိုင်တွေကိုတော့ ခေတ်သဘာဝအရ နားလည်လို့ ရပေမယ့်၊ စည်းမဲ့ကမ်းမဲ့ဆိုင်တွေကိုတော့ သက်ဆိုင်ရာက ထိန်းသိမ်းစေချင်ပါတယ်။ ခုခေတ်က အချိုရည်လိုလို မူးယစ်ဆေးလိုလိုနဲ့ ဘာတွေမှန်း မသိတာတွေက များလွန်းနေတော့ ကလေးတွေအတွက် စိုးရိမ်တယ်။ အိမ်က ထွက်သွားရင် ဘယ်သွားမလဲ တွေးပြီး ကြောက်နေရတယ်။” ဟု တောင်ကြီးမြို့နေ လူငယ် ၂ ဦး၏ မိခင် တစ်ဦးက ပြောသည်။

.

ထို့အတူ တောင်ကြီးမြို့နေ လူငယ် တစ်ဦးကလည်း “ဆိုင်တိုင်းတော့ မဟုတ်ပါဘူး၊ တချို့ဆိုင်တွေတော့ ရှိပါတယ်။ K (ကက်တမင်း) တို့ ဘာတို့ဆို သူ့အချိတ်အဆက်နဲ့ သူ ဝယ်လို့ရတယ်။ ဈေးတော့ မသိဘူးဗျ။” ဟု ဆိုသည်။

.
ပြီးခဲ့သည့် မတ်လ ၂၉ ရက်ကလည်း ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ KTV တစ်ခုတွင် HI ခန်း ပြုလုပ်ကာ မူးယစ်ဆေးဝါး သုံးစွဲနေသည့် လူငယ် ၇ ဦးကို ဖမ်းဆီးမိသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တောင်ကြီးမြို့ပေါ်တွင် များစွာ ရှိနေသည့်အပေါ် ဖမ်းဆီးခြင်း မပြုည့် အပေါ် ဝေဖန်မှု များစွာ ထွက်ပေါ်ခဲ့သည်။
.
ဖမ်းမိတယ် ဆိုတာက ဆယ်ခုမှာ တစ်ခု၊ အခုတစ်ရာမှာ တစ်ခုတောင် မရှိပါဘူး။ တကယ်တမ်း မဖမ်းဆီး တာတွေက အများကြီးပါ။ မူးယစ်ဆေးက အိမ်သုံးဆေးဝါးထက်တောင် ပေါသလို ဖြစ်နေပြီ။ အေးသာယာမှာ -- ခန်းတွေ အများကြီးပဲ။ ရည်ရွယ်ချက်ချင်း မတူဘူး၊ -- ခန်းက တရားမဝင်ဘူးဆိုပေမယ့် သူ့အခြေအနေနဲ့ သူ့ပတ်ဝန်းကျင်နဲ့ လုပ်နေတာ ဖြစ်လို့ မပြောလိုဘူး။ ခု ဟာတွေက မသိနားမလည်တဲ့ လူငယ်တွေကို ပျက်ဆီးစေဖို့ တွန်းပို့နေတာ။ ပြီးတော့ မိကောင်းဖခင် သားသမီးတွေ။ ကျောင်းသူ/သားတွေပါ။ လူငယ်ဆိုတာ လက်တည့်စမ်းချင်ကြတာမို့ စည်းကမ်းနဲ့ စနစ်တကျ ရှိစေချင်တာပါ။” ဟု ဒေသခံ တစ်ဦးက ဝေဖန် မှတ်ချက်ပြုထားသည်။

.



ယင်းကဲ့သို့ KTV များ၊ Bar များ၊ Private Cinema များ ဖွင့်လှစ်မှု အခြေအနေနှင့် ပတ်သက်၍ သတ်မှတ်ထားသည့် စည်းကမ်းချက်များ၊ လိုင်စင်ချထားပေးမှု အခြေအနေ စည်းကမ်း မလိုက်နာသဖြင့် အ‌ရေးယူမှု အခြေအနေများနှင့် ပတ်သက်၍ သိရှိနိုင်ရန်အတွက် ရှမ်းပြည်နယ် ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီ ရုံးသို့ ဆက်သွယ်မေးမြန်းရာ စာဖြင့် တင်ပြမေးမြန်းရန် ပြောဆိုသဖြင့် စာဖြင့် တင်ပြရာတွင်လည်း ၁၀ ရက်ကြာသည်ထိ အကြောင်းမပြန်သည့် အပြင် လူကိုယ်တိုင် အကြိမ်ကြိမ် သွားရောက် တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ပြီးနောက် အရာရှိ တစ်ဦးနှင့် ဖုန်းဖြင့် အဆက်အသွယ် ရရှိကာ “ကျွန်တော်လည်း အိပ်ရာထဲက မထနိုင်သေးဘူးဗျ။ ဥပဒေစာအုပ်ထဲက သေချာလေ့လာပြီး၊ စာရေးပြီးမှ ပေးမှ ရမှာ။ ကျွန်တော်တို့စီက ပြန် မရေးပေးနိုင်သေးဘူး။” ဟူသော အကြောင်းပြန်မှုကိုသာ ရရှိခဲ့သည်။

.
#KBZTai #Shan #Taunggyi  #KTV  #Bar

No comments:

Post a Comment

Pages