.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်
.
ဖိလစ်ပိုင်နိုင်ငံဟာ တရုတ်နိုင်ငံကို
အသိအမှတ်ပြုပြီး ထိုင်ဝမ်ကို နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်မပြုတဲ့
“တရုတ်တစ်နိုင်ငံတည်း” မူဝါဒကို ကျင့်သုံးနေသော်လည်း ရေအောက်ဆက်သွယ်ရေး
ကေဘယ်လ်တွေကို ကာကွယ်ရေးနဲ့ “မီးခိုးရောင်ဇုန်” လှုပ်ရှားမှုတွေကို
ကိုင်တွယ်ရေးအတွက် ထိုင်ဝမ်နဲ့ ပိုမိုနက်ရှိုင်းတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဖို့ စဉ်းစားနေတယ်လို့ ဖိလစ်ပိုင်သံတမန်
တစ်ဦးက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
.
.ဖိလစ်ပိုင်နဲ့ ထိုင်ဝမ်တို့ဟာ
တိုက်ရိုက်ထိပ်တိုက်မတွေ့ဘဲ ဖိအားပေးတဲ့ တရုတ်နိုင်ငံရဲ့ လှုပ်ရှားမှုတွေနဲ့
ပတ်သက်ပြီး အကြိမ်ကြိမ် တိုင်ကြားထားပါတယ်။ တရုတ်နိုင်ငံက ထိုင်ဝမ်ကို
သူ့ပိုင်နက်အဖြစ် သတ်မှတ် ထားသလို
တောင်တရုတ်ပင်လယ်အတွင်း ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်တို့နဲ့လည်း ရေပိုင်နက်
အငြင်းပွားမှုတွေ ရှိနေပါတယ်။
.
ဝါရှင်တန်မှာရှိတဲ့ ဖိလစ်ပိုင်သံရုံးရဲ့ ဒုတိယအကြီးအကဲ
ဖိလစ်ပီ အက်ဖ် ကာရီနို တတိယက ဝါရှင်တန်မြို့က အမေရိကန်လုံခြုံရေးဆိုင်ရာ
စင်တာတစ်ခုမှာ ကျင်းပတဲ့ ဆွေးနွေးပွဲအတွင်း ဖိလစ်ပိုင်နဲ့ ထိုင်ဝမ်ကြား ဒီလို
“လက်တွေ့ကျတဲ့ ချဉ်းကပ်မှု” လိုအပ်တယ်လို့ ပြောပါတယ်။ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်ကြားက
ဘာရှီ ရေလက်ကြားမှာ နှစ်နိုင်ငံရဲ့
အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
.
ကာရီနိုက ရေအောက်ဆက်သွယ်ရေးကေဘယ်လ်တွေဟာ
တိုက်ကြီးတစ်ခုနဲ့တစ်ခုကြား ဒေတာစီးဆင်းမှု အများစုကို သယ်ဆောင်ပေးနေတာကြောင့်
လုံခြုံရေးက အရေးကြီးတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဆိုက်ဘာ တိုက်ခိုက်မှုတွေထဲက
၆၀ ရာခိုင်နှုန်းကနေ ၆၇ ရာခိုင်နှုန်းအထိဟာ သူတို့ဒေသမှာ ဖြစ်ပွားတယ် လို့လည်း ဆိုပါတယ်။
.
“ဒီအရာတွေကို ကာကွယ်ဖို့ အရမ်းအရေးကြီးတာကြောင့်
ထိုင်ဝမ်မှာရှိတဲ့ ကျွန်တော်တို့မိတ်ဆွေတွေနဲ့ ပိုမိုနက်ရှိုင်းတဲ့
ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ စဉ်းစားနေပါတယ်” လို့ ကာရီနိုက ပြောပါတယ်။
ဒီလိုလုပ်ဆောင်တာဟာ ဖိလစ်ပိုင်ရဲ့ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက်ကျင့်သုံးနေတဲ့ကြားက
ဖြစ်တယ်လို့လည်း ဆိုပါတယ်။
.
ဖိလစ်ပိုင်နဲ့ ထိုင်ဝမ်တို့ဟာ အသိပညာနဲ့ အတွေ့အကြုံတွေ
မျှဝေတာ၊ လုပ်ဆောင်နိုင်စွမ်း မြှင့်တင်တာတွေ အပါအဝင်
လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းတွေကို ရှာဖွေနေပြီး
ဒီပူးပေါင်းဆောင်ရွက်မှုက သူတို့ဒေသအတွင်း “မီးခိုးရောင်ဇုန်” ပြဿနာတွေကို
ကိုင်တွယ်ဖြေရှင်း နိုင်ရေးအထိ ဦးတည်သွားမယ်လို့ ကာရီနိုက ပြောပါတယ်။
.
ရေအောက်ဆက်သွယ်ရေးတွေကို အနှောင့်အယှက်ပေးတဲ့
သင်္ဘောတွေကို ပူးတွဲကင်းလှည့်တာ ဒါမှမဟုတ် တာဝန်ယူခိုင်းတာတွေ ပါဝင်နိုင်မလားလို့
မေးမြန်းရာမှာတော့ ကာရီနိုက အသေးစိတ် မသိသေးဘူးလို့ ပြော ပါတယ်။
ဒါပေမဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အမြဲတမ်း ပြောင်းလဲတိုးတက် နေပြီး အခုမေးထားတဲ့
ကိစ္စတချို့ ဟာ လက်တွေ့အကောင်အထည်ဖော်လာနိုင်တယ်လို့ ဆိုပါတယ်။
.
ထိုင်ဝမ်ဟာ ကမ္ဘာ့နိုင်ငံတွေနဲ့ ဆက်သွယ်ရာမှာ
အရေးကြီးတဲ့ ရေအောက်ဆက်သွယ်ရေး ကေဘယ်လ်တွေ ကို ကာကွယ်ရေးအတွက် ကြိုးပမ်းမှုတွေကို
တိုးမြှင့်လုပ်ဆောင်နေပါတယ်။ ဒီလိုလုပ်ဆောင်လာတာဟာ ရေအောက်ကေဘယ်လ်တွေနဲ့
တရုတ်နိုင်ငံနဲ့ ဆက်စပ်တဲ့ သင်္ဘောတွေ ပါဝင်ပတ်သက်တဲ့ ဖြစ်စဉ်တွေ အကြိမ်ကြိမ်
ဖြစ်ပွားပြီးနောက် ဖြစ်ပါတယ်။
.
အခုလအတွင်းမှာလည်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဟာ
မြောက်ပိုင်း ဘာတန်နက်စ်ပြည်နယ်အနီးမှာ လှုပ်ရှားနေတဲ့ တရုတ်သုတေသနသင်္ဘောကို
တားဆီးဖို့ ဖိလစ်ပိုင်ရဲ့ အကြီးဆုံးသင်္ဘောနဲ့ လေယာဉ် တစ်စင်း ကို
စေလွှတ်ခဲ့ပါတယ်။ အဲဒီနေရာဟာ ရေအောက်ကေဘယ်လ် လမ်းကြောင်းတွေအနီးမှာ ရှိပါတယ်။
.
အဲဒီဆွေးနွေးပွဲမှာပဲ ဝါရှင်တန်ရှိ
ထိုင်ဝမ်ကိုယ်စားလှယ်ရုံးရဲ့ ဒုတိယကိုယ်စားလှယ် အန်ဒရီယာ ယန်းက
ရေအောက်ကေဘယ်လ်ပျက်စီးမှုနဲ့ပတ်သက်ပြီး ထိုင်ဝမ်မှာ တရုတ်သင်္ဘောကပ္ပတိန်တစ်ဦးကို
ထောင်ဒဏ် ချမှတ်ထားတဲ့ကိစ္စကို ပြောခဲ့ပါတယ်။ ရေကြောင်းစောင့်ကြည့်မှု
ပိုမိုကောင်းမွန်လာစေဖို့ မောင်းသူမဲ့စနစ် တွေ ဖွံ့ဖြိုးရေးမှာ အရင်းအမြစ်တွေ
ပိုမိုအသုံးပြုသွားမယ်လို့လည်း သူက ပြောပါတယ်။
.
ရေအောက်ဆက်သွယ်ရေးကေဘယ်လ်တွေကို အနှောင့်အယှက်ပေးတာဟာ
ကုလသမဂ္ဂအနေနဲ့ ကိုင်တွယ် ဖြေရှင်းသင့်တဲ့ ကိစ္စတစ်ခုဖြစ်ပြီး “မကောင်းတဲ့
လုပ်ရပ်တွေ” မဖြစ်အောင် တားဆီးနိုင်မယ့် နည်းလမ်းတွေ ကို ကုလသမဂ္ဂက
စဉ်းစားသင့်တယ်လို့ အန်ဒရီယာ ယန်းက ပြောပါတယ်။
.
Ref – Reuters
.

No comments:
Post a Comment