.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်၊
သီရိမင်္ဂလာလမ်းရှိ ပြိုကျပျက်စီးခဲ့သည့် တံတားကို ယာယီပြုပြင်ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
.
.မင်္ဂလာဦးရပ်ကွက်၊ သီရိမင်္ဂလာလမ်း၊ မင်္ဂလာဦးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးရှိ
အဆိုပါ တံတားမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အောက်တိုဘာ ၁၆ ရက်က လမ်းအောက်ခံမြေနှင့်
ကွန်ကရစ်တံတားများ ပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“အဲဒီနေရာမှာ အခေါင်းပေါက် ဖြစ်နေတာတော့ တစ်နှစ်လောက် ရှိပါပြီ။
မနေ့ (အောက်တိုဘာ ၁၆ ရက်) က လုံးဝပြိုကျသွားတာပါ။ အပေါ်က ယာဉ်ဝိတ်တွေနဲ့ သွားလာကြတာဆိုတော့
အောက်က ကွန်ကရစ်ပြား လုံးဝ ပြိုကျသွားတာပါ” ဟု မင်္ဂလာဦးရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
.
ယင်းလမ်းပိုင်းရှိ တံတားမှာ
သက်တမ်းကြာမြင့်နေပြီဖြစ်ပြီး ပြုပြင်ရန် ဘတ်ဂျက်လျာထားမှုရှိသော်လည်း
ဘတ်ဂျက်ခွင့်ပြုချက်ကို စောင့်ဆိုင်းမနေတော့ဘဲ ယာယီပြုပြင်မှုများ
လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန ထံက သိရသည်။
.
“တံတားက နှစ်တွေကလည်း ကြာပြီကော။
ဘတ်ဂျက်ချထားတာရှိပါတယ်။ ခုတော့ ဘတ်ဂျက်ကျဖို့အချိန် မစောင့်တော့ပါဘူး။
ပြွန်အဟောင်းတွေနဲ့လုပ်မှာပါ။ ယာယီလုပ်ပေးသွားမှာပါ။ အပြီးအစီးပြင်ဆင်မှာတော့
ဘတ်ဂျက်ကျမှပါ။ အဲ့ဒါက လုပ်ထုံးလုပ်နည်းပါ” ဟု တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ
တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လက်ရှိတွင် ယာယီပြုပြင်မှုများကို
လုပ်ဆောင်သွားမည်ဖြစ်သော်လည်း အပြီးသတ်ပြုပြင်ရေးလုပ်ငန်းများမှာ
ဘတ်ဂျက်ခွင့်ပြုချက်ရရှိပြီးမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
မိုးသည်းထန်စွာရွာသွန်းမှုများ
ဆက်လက်ဖြစ်ပေါ်လာနိုင်သည့်အတွက် လမ်းအောက်ခံမြေသားပြိုကျသည့် နေရာများနှင့်
အခေါင်းပေါက်ဖြစ်ပေါ်နေသည့် လမ်းပိုင်းများတွင် သွားလာရာ၌ သတိပြုရန် လိုအပ်ကြောင်း
ဒေသခံများထံက သိရသည်။
.

No comments:
Post a Comment