.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်
.
အမေရိကန်က အဆင့်မြင့် ဉာဏ်ရည်တု (AI) ချစ်ပ်တွေ တင်ပို့မှုကို ကန့်သတ်လိုက်တာကြောင့် အင်ဒိုနီးရှားနိုင်ငံရဲ့
နည်းပညာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လုပ်ငန်းလည်ပတ်မှုတွေ ဘယ်လောက်
ထိခိုက်နိုင်မလဲဆိုတာ အစိုးရက ပြန်လည်သုံးသပ်နေပါတယ်။
.
.
အင်ဒိုနီးရှားအစိုးရ ဆက်သွယ်ရေးအေဂျင်စီက
နိုဝင်ဘာ ၁၈ ရက်မှာ CNA သတင်းဌာနကို ပြောကြားရာမှာ အစိုးရဟာ
ကန့်သတ်ချက်အသစ်ရဲ့ သက်ရောက်မှုတွေကို လေ့လာနေပြီး ဒေတာစင်တာလုပ်ငန်းတွေအပါအဝင်
စီးပွားရေး လုပ်ငန်းတွေရဲ့ အမြင်တွေကိုလည်း တောင်းခံနေ တယ်လို့ ဆိုပါတယ်။
.
ဒါ့အပြင် တရားဝင်စီးပွားရေးလုပ်ငန်းတွေအတွက်
အဆင့်မြင့်ကွန်ပျူတာနည်းပညာတွေ ဆက်လက်ရရှိနိုင်ရေး အမေရိကန်နဲ့
နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့လည်း ပြောပါတယ်။
.
အမေရိကန်ဟာ တရုတ်နိုင်ငံကို AI ချစ်ပ်တွေ တစ်ဆင့်ပြန်လည်တင်ပို့မယ့် လမ်းကြောင်းအဖြစ်
အသုံးပြုခံရနိုင်တယ် ဆိုတဲ့ စိုးရိမ်ချက်ကြောင့် အင်ဒိုနီးရှား၊ စင်ကာပူ၊
မလေးရှား၊ ထိုင်းနဲ့ ဘရာဇီးနိုင်ငံတို့ကို အဆင့်မြင့် AI ချစ်ပ်တင်ပို့မှု
ကန့်သတ်လိုက်တာဖြစ်ပါတယ်။
.
ကန့်သတ်ချက်အသစ်အရ အဲဒီနိုင်ငံတွေကို
သတ်မှတ်ထားတဲ့ AI ချစ်ပ်တွေ တင်ပို့တာ၊ တစ်ဆင့်
ပြန်လည်တင်ပို့တာနဲ့ လွှဲပြောင်းတာတွေ ပြုလုပ်မယ်ဆိုရင် အမေရိကန်အစိုးရဆီက
လိုင်စင်ရယူရတော့မှာ ဖြစ်ပါတယ်။
.
အင်ဒိုနီးရှား မဟာဗျူဟာနဲ့
နိုင်ငံတကာလေ့လာရေးဗဟိုဌာန (CSIS) က သုတေသီ အမ် ဟာဘစ် အဘီယန်
ဒဇ်ကွမ်ကတော့ ဒီကန့်သတ်ချက်ကြောင့် အထူးသဖြင့် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက
ရင်းနှီးမြှုပ်နှံသူတွေ ပိုပြီးသတိထားလာနိုင်တယ်လို့ ပြောပါတယ်။
.
အင်ဒိုနီးရှားအစိုးရရဲ့ စာရင်းတွေအရ ၂၀၂၅
ခုနှစ်မှာ တစ်ပိုင်းလျှပ်ကူးပစ္စည်းနဲ့ အီလက်ထရွန်နစ် ချစ်ပ်ပြားတွေ
တင်ပို့မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံရှိခဲ့ပြီး ၂၀၂၄ ခုနှစ်က ဒေါ်လာ
၁ ဒသမ ၅ ဘီလီယံထက် သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။
.
ဟာဘစ်က ဒီကန့်သတ်ချက်ကြောင့်
ရင်းနှီးမြှုပ်နှံသူတွေ အင်ဒိုနီးရှားကနေ လုံးဝထွက်ခွာသွားမယ်လို့ မဆိုနိုင်ပေမဲ့ AI
နဲ့ ဒေတာစင်တာလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့
ပိုမိုရှုပ်ထွေးလာနိုင်တယ်လို့ သုံးသပ်ပါတယ်။ အရင်က အင်ဒိုနီးရှားရဲ့ ဥပဒေတွေကို
လိုက်နာရုံနဲ့ လုံလောက်ခဲ့ပေမဲ့ အခုအခါ အမေရိကန်ရဲ့ စည်းမျဉ်းတွေကိုပါ
လိုက်နာရတော့မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
.
စီးပွားရေးနဲ့ ဥပဒေလေ့လာရေးဗဟိုဌာန (CELIOS)
က ဒစ်ဂျစ်တယ်စီးပွားရေး သုတေသီ ဒီယာ အာယုကလည်း လိုင်စင်စည်းမျဉ်းတွေ
ဘယ်လိုကျင့်သုံးမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးခင် ရင်းနှီးမြှုပ်နှံသူတွေဟာ
ဆုံးဖြတ်ချက်တွေကို ရွှေ့ဆိုင်းထားနိုင်တယ်လို့ ပြောပါတယ်။ အချို့လုပ်ငန်း တွေ
ကလည်း AI ချစ်ပ်နဲ့ စက်ပစ္စည်းတွေ ထပ်မံဝယ်ယူဖို့
အလျင်စလိုမလုပ်ဘဲ အခြေအနေကို စောင့်ကြည့်နိုင်တယ်လို့ ဆိုပါတယ်။
.
ဟာဘစ်ကတော့ အင်ဒိုနီးရှားအစိုးရအနေနဲ့ AI
ချစ်ပ်တင်သွင်းမှု စာရင်းတွေကို စစ်ဆေးပြီး ဘယ်လောက်တင်သွင်း ထားတယ်၊
ဘယ်လုပ်ငန်းတွေမှာ အသုံးပြုနေတယ်၊ ဘယ်ဒေတာစင်တာတွေက အသုံးပြုနေတယ်ဆိုတာ သိရှိဖို့
လိုအပ်တယ်လို့ တိုက်တွန်းပါတယ်။
.
ဒါမှသာ
ချစ်ပ်တွေကို တခြားနိုင်ငံတွေဆီ တရားမဝင်လွှဲပြောင်းနေတယ်ဆိုတဲ့ အမေရိကန်ရဲ့
စိုးရိမ်ချက်ကို ဖြေရှင်း နိုင်မယ်လို့ သူက ပြောပါတယ်။
.
ဒါ့အပြင် အမေရိကန်နဲ့ ဆွေးနွေးရုံသာမက စင်ကာပူ၊
မလေးရှားနဲ့ ထိုင်းနိုင်ငံတို့နဲ့လည်း ပူးပေါင်းညှိနှိုင်းဖို့၊ ချစ်ပ်တွေ
တရားမဝင်တစ်ဆင့်ပြန်လည်တင်ပို့တာကို တားဆီးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
.
စင်ကာပူနိုင်ငံ ISEAS-Yusof Ishak
Institute က သုတေသီ မာရီယာ မိုနီကာ ဝီဟာဒီယာရဲ့ ပြောကြား ချက်အရ
အမေရိကန်ရဲ့ ကန့်သတ်ချက်ခံရတဲ့ အရှေ့တောင်အာရှနိုင်ငံ ၄ နိုင်ငံထဲမှာ
အင်ဒိုနီးရှား တစ်နိုင်ငံတည်းသာ မဟာ ဗျူဟာမြောက် ကုန်သွယ်မှုထိန်းချုပ်ရေး စနစ်
သီးသန့်မရှိသေးတဲ့ နိုင်ငံဖြစ်ပါတယ်။
.
စင်ကာပူနဲ့ မလေးရှားမှာ
ပို့ကုန်ထိန်းချုပ်ရေးဥပဒေတွေ ရှိပြီး ထိုင်းနိုင်ငံမှာလည်း သက်ဆိုင်ရာစနစ်ကို
အကောင် အထည်ဖော်နေဆဲဖြစ်ပါတယ်။ အင်ဒိုနီးရှားကတော့ အကောက်ခွန်၊
သွင်းကုန်ပို့ကုန်နဲ့ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍ အလိုက် စည်းမျဉ်းတွေကိုသာ
အသုံးပြုနေတာကြောင့် တင်သွင်းလာတဲ့ ချစ်ပ်တွေကို တခြားနိုင်ငံဆီ ပြန်လည်ပို့ဆောင် တာကို
ထိထိရောက်ရောက် ထိန်းချုပ်ဖို့ အခက်အခဲရှိနေတယ်လို့ သူက ထောက်ပြပါတယ်။
.
ဒီယာ အာယုကတော့ အဓိကစိုးရိမ်ရတာဟာ
ရင်းနှီးမြှုပ်နှံမှုတွေ တခြားနိုင်ငံကို ရွှေ့သွားတာတစ်ခု တည်း မဟုတ်ဘဲ
နည်းပညာလုပ်ငန်းကို ဘယ်သူက ထိန်းချုပ်မလဲဆိုတာလည်း ဖြစ်တယ်လို့ ပြောပါတယ်။
အင်ဒိုနီးရှားပြည်တွင်း ကုမ္ပဏီတွေဟာ ကိုယ်ပိုင် AI နည်းပညာနဲ့
လုပ်ငန်းစွမ်းရည်တွေ တည်ဆောက်ဖို့ ပိုခက်ခဲလာပြီး နိုင်ငံခြားကုမ္ပဏီ တွေရဲ့
နည်းပညာကို ဝယ်ယူအသုံးပြုရတဲ့ အခြေအနေမျိုး ရောက်သွားနိုင်တယ်လို့လည်း သူက
သတိပေးထားပါတယ်။
.
Ref – CNA
.

No comments:
Post a Comment