.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲအတွင်း
ဒရုန်းလွှတ်တင်ခွင့် ပိတ်ပင်ထားသော်လည်း လွှတ်တင်မှု များ ရှိနေကြောင်း သိရသည်။
.
.ပွဲတော်ကာလအတွင်း မီးပုံးပျံများ အန္တရာယ်ကင်းကင်း
အောင်မြင်စွာ လွှတ်တင်နိုင်ရေးနှင့် အများပြည်သူ လုံခြုံရေး အတွက် အဝေရာမီးပုံးပျံကွင်းအတွင်း
ဒရုန်းလွှတ်တင်ခြင်းကို တားမြစ်ထားသော်လည်း ညပိုင်း မီးပုံးပျံလွှတ်တင်ချိန် များတွင်
ဒရုန်းပျံသန်းမှုများ ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ပွဲတော်လုံခြုံရေး ကွပ်ကဲမှုရုံးမှ
တာဝန်ရှိသူများအား သွားရောက်မေးမြန်းရာတွင် ဒရုန်း လွှတ်တင်ခြင်းကို ခွင့်မပြုထားကြောင်းနှင့်
အန္တရာယ်ရှိသည့် ဒရုန်းများကို ဖျက်ချသွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
.
“မနေ့ညက ညမီးကြီးတစ်လုံး လွှတ်တဲ့အချိန်မှာ ဒရုန်းပျံနေတာ
တွေ့လိုက်ပါတယ်။ သူတို့အဖွဲ့ထဲကပဲ ထင်တယ်။ မသိ နားမလည်လို့ ခွင့်ပြုချက်မတောင်းဘဲ လွှတ်လိုက်တာ
ထင်ပါတယ်” ဟု မီးပုံးပျံပညာရှင်တစ်ဦးက ပြောသည်။
.
ဒေသခံတစ်ဦးကမူ “ဟိုးအရင်တုန်းကတော့ ဒရုန်းတွေကို
စည်းကမ်းချက်နဲ့အညီ လွှတ်ခွင့်ပြုခဲ့တာရှိတယ်။ အဓိက က မီးပုံးပျံတွေ လွှတ်တင်တဲ့အချိန်
အန္တရာယ်ကင်းအောင်လို့ပေါ့။ အခုနောက်ပိုင်းတော့ လုံခြုံရေးအရလို့ ထင်ပါတယ်။ လွှတ်ခွင့်မပြုတော့ဘူး။
ဒါပေမဲ့ အခု တွေ့နေရတယ်။ လွှတ်ခွင့်ပြုရင်လည်း ပြုတယ်၊ မပြုရင်လည်း မပြုဘူးပေါ့။ အခုက
ဘာမှန်းမသိဘူး” ဟု ပြောဆိုခဲ့သည်။
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကို
နိုဝင်ဘာလ ၁၆ ရက်မှ ၂၄ ရက်အထိ အဝေရာမီးပုံးပျံကွင်း အတွင်း ပြုလုပ်နေခြင်းဖြစ်ပြီး
ပွဲတော်ပိတ်ပွဲနှင့် ဆုပေးပွဲကို နိုဝင်ဘာ ၂၅ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment