.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်
.
တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၊ နယ်မြေ
(၁၂)၊ နှင်းဆီလမ်းရှိ ရေမြောင်းအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ် မှုများရှိနေပြီး
ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်ပေါ်နေသည်ဟု ဒေသခံများထံက သိရသည်။
.
.အဆိုပါ ရေမြောင်းတွင် ယခင်က အမှိုက်များ လာရောက်စွန့်ပစ်မှု
မရှိဘဲ သန့်ရှင်းသည့် မြောင်းတစ်ခုဖြစ်သော်လည်း ယခုအခါ အမှိုက်ထုပ်များ
လာရောက်စွန့်ပစ်မှုများ ရှိလာသဖြင့် မြောင်းအတွင်း အမှိုက်များ စုပုံလာကြောင်း
သိရသည်။
.
လက်ရှိတွင် မိုးရာသီမဟုတ်သည့်အတွက်
မြောင်းအတွင်း ရေစီးဆင်းမှုမရှိဘဲ အမှိုက်များ စုပုံနေခြင်းကြောင့် မြောင်း ပိတ်ဆို့မှုများ
ဖြစ်ပေါ်နေသည့်အပြင် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ
ထိခိုက်မှုများ ဖြစ်လာမည်ကိုလည်း စိုးရိမ်နေရသည်ဟု ဒေသခံများထံက သိရသည်။
.
“အခုလို မြောင်းထဲမှာ အမှိုက်ပစ်နေကြတော့
သန့်ရှင်းနေတဲ့မြောင်းက ညစ်ပတ်သွားပြီး ကြွက်တွေလည်း ပေါလာ တယ်။ ခြင်တွေလည်း
များလာတယ်။ အနံ့အသက်လည်း မကောင်းဘူး။ ကူးစက်ရောဂါတွေ ဖြစ်လာမှာလည်း စိုးရိမ် ရတယ်”
ဟု ညောင်ဖြူစခန်းရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
.
ညောင်ဖြူစခန်းရပ်ကွက်ရှိ အဆိုပါ ရေမြောင်းအပြင် တောင်ကြီးမြို့ပေါ်
ရပ်ကွက်များရှိ ရေမြောင်းအချို့တွင်လည်း ယင်းကဲ့သို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ
ရှိနေပြီး စွန့်ပစ်သူများကို ထိထိရောက်ရောက် အရေးယူသင့်သည်ဟု ဒေသခံများက ပြောဆိုကြသည်။
.
ထို့အပြင် တောင်ကြီးမြို့ပေါ်ရှိ
ရေမြောင်းအချို့တွင်လည်း အမှိုက်များ စွန့်ပစ်ထားသည်ကို တွေ့မြင်နေရပြီး
အမှိုက်များ စနစ်တကျ စွန့်ပစ်ခြင်းမရှိပါက မြောင်းပိတ်ဆို့မှုများနှင့်
ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
.
တောင်ကြီးမြို့တွင် စည်းကမ်းမဲ့
အမှိုက်စွန့်ပစ်သူများကို ရှမ်းပြည်နယ် စည်ပင် သာယာရေး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး
အမှိုက်စွန့်ပစ်သူအား သတင်းပေးနိုင်သူကို ဆုချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်
စည်ပင်သာယာရေးဌာနက အသိပေးကြေညာထားသည်။
.
မြို့သန့်ရှင်းသာယာလှပရေး၊
ပြည်သူလူထုကျန်းမာရေးနှင့် ရေကြီးရေလျှံမူ ကာကွယ်ရေးတို့အတွက် အမှိုက် များကို
လမ်းဘေးဝဲယာနှင့် ရေမြောင်းများအတွင်း စည်းကမ်းမဲ့ စွန့်ပစ်ခြင်း လုံးဝ
မပြုလုပ်ရန်နှင့် အမှိုက်သိမ်းယာဉ်ပေါ်သို့ စနစ်တကျ စွန့်ပစ်ရန် စည်ပင်သာယာရေးဌာနက
အသိပေးထားကာ လမ်းဘေးဝဲယာနှင့် ရေမြောင်းများအတွင်း စည်းကမ်းမဲ့စွန့်ပစ်သည်ကို
စစ်ဆေးတွေ့ရှိပါက ရှမ်းပြည်နယ် စည်ပင်သာယာရေး ဥပဒေအရ အဆင့်ဆင့်
အရေးယူသွားမည်ဖြစ်ကြောင်း စည်ပင်က ထုတ်ပြန်ထားပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကို
ဖမ်းဆီးအရေးယူမှု များလည်း ရှိနေသည်။
.

No comments:
Post a Comment