.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်
.
လာမယ့် ၆ လအတွင်း နိုင်ငံ ၁၆ နိုင်ငံမှာ
ငတ်မွတ်ခေါင်းပါးမှု ပိုမိုဆိုးရွားလာနိုင်ပြီး စစ်ဘေးသင့် ဆူဒန်နဲ့ ယီမင် အပါ အဝင်
နိုင်ငံ ၅ နိုင်ငံဟာ အဆိုးရွားဆုံးအန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်ကြောင်း ကုလသမဂ္ဂ
စားနပ်ရိက္ခာဆိုင်ရာ အေဂျင်စီ တွေက သတိပေးပါတယ်။
.
.
ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့
(FAO) နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ရဲ့ ဒီဇင်ဘာလကနေ လာမယ့် မေလအထိ ခန့်မှန်းချက်အရ ဆူဒန်၊ ယီမင်၊
တောင်ဆူဒန်၊ ဆိုမာလီယာနဲ့ နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း တို့မှာ
ငတ်မွတ်ခေါင်းပါးမှု အဆိုးရွားဆုံးအခြေအနေ ကြုံရနိုင်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီနိုင်ငံ ၅ နိုင်ငံဟာ ၂၀၂၂ ခုနှစ်ကတည်းက အန္တရာယ်အမြင့်ဆုံးစာရင်းမှာ
ထပ်ခါတလဲလဲ ပါဝင်နေခဲ့တာဖြစ်ပါတယ်။
.
ဂါဇာမှာ အောက်တိုဘာ ၂၀၂၅ ခုနှစ်က
အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုနောက်ပိုင်း ပါလက်စတိုင်း ဒေသကို
အန္တရာယ်အဆင့်တစ်ဆင့် လျှော့ချထားပေမဲ့ ဂါဇာလူဦးရေရဲ့ ၆၇ ရာခိုင်နှုန်းဟာ
အရေးပေါ်အဆင့် ငတ်မွတ်ခေါင်းပါးမှု ဒါမှမဟုတ် အဲဒီထက်ဆိုးရွားတဲ့အခြေအနေကို
ရင်ဆိုင်နေရဆဲဖြစ်ပြီး အခြေအနေတိုးတက်မှုဟာလည်း မတည်ငြိမ် သေးဘူးလို့
သတိပေးထားပါတယ်။
.
ဆူဒန်နိုင်ငံမှာတော့ မြောက်ဒါဖာနဲ့
တောင်ကိုဒ်ဖန်ဒေသ ၁၃ နေရာမှာ လာမယ့် ဇန်နဝါရီလအထိ အငတ်ဘေး အန္တရာယ်
ဆက်လက်ရှိနေမယ်လို့ ခန့်မှန်းထားပါတယ်။ နိုင်ငံတစ်ဝန်း လူဦးရေ ၁၉ ဒသမ ၅ သန်းခန့်၊
စုစုပေါင်း လူဦးရေရဲ့ ၄၁ ရာခိုင်နှုန်းဟာ အရေးပေါ်အဆင့် ငတ်မွတ်ခေါင်းပါးမှု
ဒါမှမဟုတ် ပိုဆိုးတဲ့အခြေအနေကို ရင်ဆိုင်နေရ ပြီး တောင်ဒါဖာရှိ စစ်ဘေးရှောင်စခန်း
၂ ခုမှာလည်း အာဟာရချို့တဲ့ မှုနှုန်းဟာ အငတ်ဘေးသတ်မှတ်ချက်ကို ကျော်လွန်နေပါတယ်။
.
စစ်ပွဲနဲ့ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတွေကြောင့်
လောင်စာဆီဈေးမြင့်တက်လာမှုတို့က ဆူဒန်မှာ ဆန်ဂို (Sorghum) ဈေးနှုန်းကို
တစ်နှစ်အတွင်း နှစ်ဆကျော် မြင့်တက်စေခဲ့သလို ဒီဇယ်ဈေးလည်း နှစ်ဆကျော် မြင့်တက် လာခဲ့ပါတယ်။
အယ်လ်နီညိုနဲ့ ဆက်စပ်တဲ့ မိုးခေါင်ရေရှားမှုကြောင့်လည်း ဆူဒန်ရဲ့
အဓိကစိုက်ပျိုးရေးပြည်နယ်တွေမှာ စိုက်ပျိုးမြေတွေ ထိခိုက်နေပြီး စင်နာပြည်နယ်မှာ
စိုက်ပျိုးမြေ ၅၅ ရာခိုင်နှုန်းအထိ၊ ဂီဒါရက်ဖ်ပြည်နယ်မှာ ၇၀ ရာခိုင်နှုန်း အထိ
ထိခိုက်နေတယ်လို့ ဆိုပါတယ်။
.
ယီမင်နိုင်ငံမှာလည်း ဇူလိုင်လက ပြန်လည်စတင်လာတဲ့
တိုက်ပွဲတွေဟာ နေရာအများအပြားကို ပျံ့နှံ့လာ တာကြောင့် ငတ်မွတ်ခေါင်းပါးမှု
ပိုမိုဆိုးရွားလာနိုင်ပါတယ်။ တိုက်ပွဲတွေ ပြင်းထန်လာမှု ကြောင့် လူ ၃ သိန်းကျော်
အိုးအိမ်စွန့်ခွာ ခဲ့ရပြီး အများစုဟာ တိုက်ဇ်၊ လာဟ်ဂျ်နဲ့ အေဒင်ပြည်နယ် တွေမှာ
ဖြစ်ပါတယ်။ အစိုးရထိန်းချုပ်နယ်မြေတွေမှာလည်း အရေးပေါ်အဆင့်
ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်နေရသူ ၁ ဒသမ ၈ သန်းအထိ ရှိလာပြီး
ယခင်ခန့်မှန်းချက်ထက် ပိုများလာပါတယ်။
.
ယီမင်မှာ အကူအညီပေးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့
အဓိကအခက်အခဲဟာ ပထဝီဝင်အနေအထား ထက် နိုင်ငံရေး ဆိုင်ရာ အတားအဆီးတွေဖြစ်ကြောင်း FAO
ဒုတိယညွှန်ကြားရေးမှူးချုပ် ဘက်သ် ဘက်ချ်ဒေါလ်က ပြောပါတယ်။
ဟူသီအဖွဲ့က ကုလသမဂ္ဂဝန်ထမ်း ၇၃ ဦးကို ဖမ်းဆီးထိန်းသိမ်း ထားဆဲဖြစ်ပြီး အဲဒီထဲမှာ
ကုလသမဂ္ဂ လူ့အခွင့်အရေး ရုံးက ဝန်ထမ်း ၈ ဦးလည်း ပါဝင်ပါတယ်။
.
ယီမင်ဟာ စားနပ်ရိက္ခာနဲ့ လောင်စာဆီ
တင်သွင်းမှုအပေါ် အလွန်အမင်း မှီခိုနေရတဲ့နိုင်ငံဖြစ်ပြီး ပင်လယ်နီ၊ ဟော်မုဇ် ရေလက်ကြားနဲ့
ပင်လယ်နက်တို့မှာ သင်္ဘောသွားလာမှု အနှောင့်အယှက်တွေကြောင့် စားနပ်ရိက္ခာနဲ့
လောင်စာဆီ တင်သွင်းမှု ထိခိုက်လာနိုင်သလို ပင်လယ်ကွေ့ဒေသက
ဓာတ်မြေဩဇာတင်ပို့မှုတွေလည်း အများစု ရပ်ဆိုင်းနေ ပါတယ်။
.
ဒါ့အပြင် အလှူရှင်နိုင်ငံတွေက ရန်ပုံငွေ
လျှော့ချလာတာကြောင့် အကူအညီပေးရေးလုပ်ငန်းတွေ သိသိသာသာ ကျဆင်းလာပါတယ်။
အန္တရာယ်အမြင့်ဆုံးအဆင့် သတ်မှတ်ထားတဲ့ နိုင်ငံ ၅ နိုင်ငံအတွက် စားနပ်ရိက္ခာနဲ့
အာဟာရ အကူအညီတွေဟာ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း ၆၂ ရာခိုင်နှုန်းခန့်
ကျဆင်းခဲ့ပြီး ယီမင်မှာတော့ ၇၉ ရာခိုင်နှုန်း အထိ လျော့ကျခဲ့ပါတယ်။
.
အကူအညီပေးရေး ရန်ပုံငွေဟာ ပမာဏသာမက
အချိန်မီရရှိဖို့လည်း အရေးကြီးကြောင်း ဘက်ချ်ဒေါလ်က ပြောပြီး
စိုက်ပျိုးရေးသမားတွေကို မျိုးစေ့ပေးတာ၊ မွေးမြူရေးတိရစ္ဆာန်တွေကို ကာကွယ်တာတွေကို
အကျပ်အတည်းဖြစ်ပြီးမှ တုံ့ပြန်လုပ်ဆောင်တာထက် ကြိုတင်ပြင်ဆင်ပေးဖို့ လိုအပ်ကြောင်း
သတိပေးပါတယ်။
.
Ref – AP
.

No comments:
Post a Comment