ယခုနှစ် တန်ဆောင်တိုင်တွင် ရိုးရာယဉ်ကျေးမှုများကိုပါ ထည့်သွင်းပုံဖော်လာ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, November 21, 2026

ယခုနှစ် တန်ဆောင်တိုင်တွင် ရိုးရာယဉ်ကျေးမှုများကိုပါ ထည့်သွင်းပုံဖော်လာ

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်

.

ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အဖွဲ့များက ရိုးရာယဉ်ကျေးမှု အမွေအနှစ် များကို ထည့်သွင်းပုံဖော် ဆောင်ရွက်လာလျက်ရှိကြောင်း သိရသည်။

.

.

တန်ဆောင်တိုင်ပွဲတော် တတိယရက်ဖြစ်သော နိုဝင်ဘာ ၁၈ ရက်၊ ညပိုင်းက လွှတ်တင်ယှဉ်ပြိုင်ခဲ့သည့် ရေအေးကွင်း ရပ်ကွက် ကိုယ်စားပြု မိူင်းတံး ညမီးကြီး မီးပုံးပျံအဖွဲ့တွင် ရှမ်းအိုးစည်ဗုံမောင်းနှင့် ကိန္နရီ၊ ကိန္နရာအကများအပြင် ရှမ်းရိုးရာ ယဉ်ကျေးမှုအကများကို ထည့်သွင်းသရုပ်ဖော် တင်ဆက်လာခဲ့ခြင်းဖြစ်သည်။

.

ထို့အပြင် ယမန်နေ့ နိုဝင်ဘာ ၂၀ ရက်၊ ညပိုင်းက လွှတ်တင်ယှဉ်ပြိုင်ခဲ့သည့် ဓနုဒေသ ကိုယ်စားပြု သုခဓနု ညမီးကြီး မီးပုံးပျံအဖွဲ့၊ ကံကြီးရပ်ကွက် ကိုယ်စားပြု လိုနုတ် ညမီးကြီးအဖွဲ့အပြင် အခြားသော မီးပုံးပျံအဖွဲ့များကလည်း ရှမ်း၊ ပအိုဝ်း၊ ဓနု၊ အင်းသား စသည့် တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု အမွေအနှစ်များကို ထည့်သွင်းပုံဖော် တင်ဆက်လာကြ ကြောင်း သိရသည်။

.

“ပြိုင်ပွဲဝင်တဲ့ မီးပုံးပျံအဖွဲ့တွေကတော့ ဒီနှစ်က တော်တော်လေးကို ပြင်ဆင်လာတာ တွေ့ရတယ်။ မီးပုံးပျံအပိုင်း၊ ယမ်းအပိုင်းတွေကအစ အကောင်းဆုံး လုပ်လာသလို တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အမွေအနှစ်တွေကိုလည်း ဖော်ထုတ် လာတာ တွေ့ရပါတယ်။ ဒီနှစ်ကတော့ တောင်ကြီးကို လာကြတဲ့ အနယ်နယ်အရပ်ရပ်က ဧည့်ပရိသတ်တွေ အတွက်လည်း လာရကျိုးနပ်တယ်လို့ ပြောရမှာပါ” ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။

.

၂၀၂၆ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ ၁၆ ရက်မှ ၂၄ ရက်အထိ အဝေရာ မီးပုံးပျံကွင်းအတွင်း ပြုလုပ်နေခြင်းဖြစ်ပြီး ပွဲတော်ပိတ်ပွဲနှင့် ဆုပေးပွဲကို နိုဝင်ဘာ ၂၅ ရက်၊ ညပိုင်းတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages