အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အရှေ့တောင်အာရှ ၅ နိုင်ငံနဲ့ သဘောတူညီချက်တွေ ထရမ့် ထုတ်ဖော် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Friday, November 20, 2026

အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အရှေ့တောင်အာရှ ၅ နိုင်ငံနဲ့ သဘောတူညီချက်တွေ ထရမ့် ထုတ်ဖော်

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်

.

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖိလစ်ပိုင်နိုင်ငံကို ၂ ရက်ကြာ သွားရောက်ခဲ့တဲ့ခရီးစဉ်အတွင်း အရှေ့တောင်အာရှ နိုင်ငံတွေမှာ အမေရိကန်ကုမ္ပဏီတွေအတွက် ဒေါ်လာ ၁၇ ဘီလျံကျော်တန်ဖိုးရှိ ကုန်သွယ်ရေးသဘောတူညီချက်တွေနဲ့ မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုတွေ ရရှိခဲ့တယ်လို့ ကြေညာပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေးအပြီး နိုဝင်ဘာ ၁၈ ရက်မှာ အိမ်ဖြူတော်က အဲဒီသဘောတူညီချက်တွေနဲ့ အဆိုပြုချက်တွေကို အသေးစိတ် ထုတ်ပြန်ခဲ့ ပါတယ်။

.

.

ဖိလစ်ပိုင်လေကြောင်းလိုင်းက Boeing 787-10 Dreamliner လေယာဉ် ၁၅ စင်းကို အတည်ပြု ဝယ်ယူဖို့ Boeing က ပြောပါတယ်။ နောက်ထပ် ၅ စင်းကိုလည်း ဝယ်ယူနိုင်မှာဖြစ်ပြီး Boeing နဲ့ အင်ဂျင်ထုတ်လုပ်တဲ့ GE Aerospace တို့နဲ့ သဘောတူညီချက်တန်ဖိုးကို အိမ်ဖြူတော်က ဒေါ်လာ ၁၂ ဘီလျံလို့ သတ်မှတ်ထားပါတယ်။

.

ဖိလစ်ပိုင်နဲ့ အမေရိကန်တို့က ဖိလစ်ပိုင်နိုင်ငံရဲ့ ကာကွယ်ရေးပစ္စည်းတွေကို အမေရိကန် ကုမ္ပဏီတွေထံက ဝယ်ယူဖို့ အမေရိကန်ဒေါ်လာ ၂ ဘီလျံကျော် ချေးငွေရရှိရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တောင်တရုတ်ပင်လယ် အတွင်း ဖိလစ်ပိုင်စစ်တပ်ရဲ့ စစ်ဆင်ရေးတွေအတွက် အမေရိကန်က ဒေါ်လာ သန်း ၄၀၀ ထောက်ပံ့ပေးမယ်လို့ ကတိ ပြုထားပါတယ်။

.

Subic Grain က ဖိလစ်ပိုင်နိုင်ငံ Subic Bay မှာ ဒေါ်လာ သန်း ၄၀ တန် လောင်စာသိုလှောင်ရုံတစ်ခု တည်ဆောက်မှာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်အစိုးရကလည်း နိုင်ငံရဲ့ မြောက်ဘက်အစွန်ဆုံး ကျွန်းတွေမှာ စစ်ဘက်ဝင်ရောက်အသုံးပြု နိုင်ရေး၊ သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးနဲ့ ကုန်သွယ်ရေးထောက်ပံ့မှုတွေ ပိုကောင်းလာစေဖို့ Basco လေဆိပ်ကို အဆင့်မြှင့်တင်သွားမှာဖြစ်ပါတယ်။

.

ထိုင်းနိုင်ငံက အမေရိကန်ထုတ် High Mobility Artillery Rocket Systems (HIMARS) တွေ ဝယ်ယူဖို့ အမေရိကန် ဒေါ်လာ ၁၂၃ သန်းအထိ သုံးစွဲဖို့ ရည်ရွယ်ထားတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ ဒီရောင်းဝယ်မှု အကောင် အထည်ပေါ်လာရင် ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ HIMARS ဝယ်ယူတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာမှာပါ။

.

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူလ်နဲ့ ထရမ့်တို့က နိုဝင်ဘာ ၁၇ ရက်မှာ မနီလာမြို့တော်ဧရိယာ၊ ပါရာညာကေး မြို့မှာ ကုန်သွယ်ရေးဆိုင်ရာ သီးခြားပူးတွဲကြေညာချက်တစ်ရပ်ကိုလက်မှတ်ရေးထိုး ခဲ့ပါတယ်။ နှစ်နိုင်ငံအနေနဲ့ အပြန် အလှန်ကုန်သွယ်ရေး သဘောတူညီချက်အတွက် အကြောင်းအရာ ပိုင်းဆိုင်ရာ သဘောတူထားပြီးဖြစ်တယ်လို့ အဲဒီ ကြေညာချက်မှာ အတည်ပြုထားပါတယ်။ ဒါပေမဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး အာဏာသက်ဝင်စေဖို့ နှစ်နိုင်ငံစလုံးက ပြည်တွင်း လုပ်ထုံးလုပ်နည်းတွေကို ဆက်လက်ပြီး အပြီးသတ်ရမှာဖြစ်ပါတယ်။

.

Navajo Transitional Energy Company က မလေးရှားအမျိုးသားလျှပ်စစ်ဓာတ်အားပေးလုပ်ငန်း Tenaga Nasional Berhad ရဲ့ လောင်စာဝယ်ယူရေးဌာနဖြစ်တဲ့ TNB Fuel Services ထံ ကျောက်မီးသွေး ပေးသွင်းဖို့ ၃ နှစ်စာ ဒေါ်လာ သန်း ၁၀၀ တန် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

.

အင်ဒိုနီးရှားမှာတော့ အမေရိကန်ကုမ္ပဏီ Latitude Energy နဲ့ အင်ဒိုနီးရှားအချုပ်အခြာအာဏာပိုင် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ Danantara တို့က အမေရိကန်နည်းပညာအသုံးပြုပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ ကျောက်မီးသွေးအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေါ်လာ ၂ ဘီလျံတန် စီမံကိန်းတစ်ခုကို ဆွေးနွေးနေပါတယ်။

.

အမေရိကန်က မလေးရှားနဲ့ ဘရူနိုင်းနိုင်ငံတွေမှာ ဉာဏ်ရည်တု (AI) နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ကိုလည်း ထောက်ပံ့ပေးမယ်လို့ ကတိပြုထားပါတယ်။ အမေရိကန်ကုမ္ပဏီတွေရဲ့ ပူးပေါင်းအဖွဲ့တစ်ခုက မလေးရှားအစိုးရရဲ့ ကိုယ်ပိုင် AI cloud စနစ် ဖွံ့ဖြိုးရေးကို ကူညီပေးမယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

.

မလေးရှားဆက်သွယ်ရေးနဲ့ မာလ်တီမီဒီယာကော်မရှင်ကတော့ မလေးရှားရဲ့ cloud စီမံကိန်းအတွက် အမေရိကန်က ဒေါ်လာ သန်း ၅၀ ထောက်ပံ့ဖို့ ကမ်းလှမ်းထားပြီး နှစ်နိုင်ငံအစိုးရတွေက ထောက်ပံ့မှုရဲ့ စည်းကမ်းချက်နဲ့ အကျယ် အဝန်းကို သဘောတူညီမှသာ အကောင်အထည်ဖော်နိုင်မယ်လို့ ပြောပါ တယ်။ မလေးရှားဘက်က အဲဒီအခြေခံ အဆောက်အအုံနဲ့ သိမ်းဆည်းထားတဲ့ အချက်အလက်တွေကို ကိုယ်တိုင်ထိန်းချုပ်ခွင့် ဆက်ရှိမယ်လို့လည်း ကော်မရှင် က ဆိုပါတယ်။

.

ဘရူနိုင်းနိုင်ငံရဲ့ Unified National Networks က Rimba Data Centre စီမံကိန်းအတွက် စာချုပ်ကို အမေရိကန် ကုမ္ပဏီ Vertiv ကို ပေးအပ်သွားဖို့ စီစဉ်ထားပြီး အဲဒီစီမံကိန်းအတွက် အမေရိကန် ကုမ္ပဏီတွေထံက ဒေါ်လာ ၁ ဘီလျံနီးပါးတန်ဖိုးရှိ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူသွားမယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

.

Ref – The Nation

.

No comments:

Post a Comment

Pages