တောင်ကြီးတန်ဆောင်တိုင် စတိတ်ရှိုး ဝေဖန်ခံနေရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Tuesday, November 17, 2026

တောင်ကြီးတန်ဆောင်တိုင် စတိတ်ရှိုး ဝေဖန်ခံနေရ

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်

.

တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်အတွင်း ထည့်သွင်းပြုလုပ်နေသည့် စတိတ်ရှိုးပွဲနှင့်ပတ်သက်၍ ဝေဖန်မှုများ ရှိနေပြီး ရိုးရာမီးပုံးပျံပြိုင်ပွဲတွင် ပွဲတော်ရန်ပုံငွေ အကုန်အကျခံ၍ စတိတ်ရှိုး ထည့်သွင်းပြုလုပ်ရန် မလိုအပ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

.

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကို အဝေရာမီးပုံးပျံကွင်းအတွင်း ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်မှ စတင်၍ ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး ပွဲတော်အတွင်း စတိတ်ရှိုး ထည့်သွင်းပြုလုပ်ထားရာ ဆူညံသံကြောင့် ပွဲတော်လာ ပရိသတ်များ အတွက် အနှောင့်အယှက် ဖြစ်ပေါ်နေရသည့်အပြင် ရိုးရာမီးပုံးပျံပြိုင်ပွဲ၏ ပုံရိပ်ကို ထိခိုက်စေကြောင်း မြို့ခံများက ပြောဆိုနေကြခြင်းဖြစ်သည်။

.

“တောင်ကြီးတန်ဆောင်တိုင်ပွဲရဲ့ အသက်က မီးပုံးပျံပဲလေ။ ပရိသတ်တွေကလည်း မီးပုံးပျံကြည့်ဖို့ပဲ လာကြတာ၊ ဘယ်သူမှ စတိတ်ရှိုးကို စိတ်မဝင်စားဘူး။ ဒါ့အပြင် စတိတ်ရှိုးက ဆူညံလွန်းတာကြောင့် ပြန်ကြားရေးမဏ္ဍပ်က ပြောတာ၊ ဆိုတာတွေကိုလည်း ဘာမှမကြားရဘူး။ ပြီးတော့ ပွဲခင်းထဲမှာ တစ်ခုခု ဖြစ်ရင်တောင် ဘာမှ မကြားရမသိရဘူး ဖြစ်နေတာ တော်တော်ဆိုးပါတယ်” ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။

.

ယခင်က တောင်ကြီးတန်ဆောင်တိုင်ရိုးရာမီးပုံးပျံပြိုင်ပွဲများတွင် မီးပုံးပျံကွင်းအတွင်း စတိတ်ရှိုး ထည့်သွင်းပြုလုပ်လေ့ မရှိသော်လည်း COVID-19 ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်ခန့်က တန်ဆောင်တိုင်ပွဲတော် ပြန်လည် ကျင်းပရာတွင် စတိတ်ရှိုးများ ထည့်သွင်းပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။

.

“အရင်ကတော့ လူစည်အောင် စတိတ်ရှိုးထည့်တဲ့သဘောမှာ ရှိပါတယ်။ အခုက လူက စည်လွန်းလို့ ခက်နေတဲ့အချိန် မှာ ဒါကြီးက မလိုအပ်တော့ဘူးလို့ မြင်ပါတယ်” ဟု အခြား ဒေသခံတစ်ဦးက ပြောဆိုခဲ့သည်။

.

ထို့အပြင် စတိတ်ရှိုးပွဲအတွက် တေးသံရှင်တစ်ဦးလျှင် တစ်ည ကျပ်သိန်း ၃၀ ခန့် ပေးရသည်ဟု သိရပြီး ယင်းကုန်ကျငွေ များကို ရိုးရာမီးပုံးပျံပြိုင်ပွဲအတွက် အကျိုးရှိစေမည့် အခြားတစ်နေရာရာတွင် အသုံးပြုစေလိုသည်ဟုလည်း သိရသည်။

.

“ညမီးကြီး မီးပုံးပျံ ပထမဆုရမှ သိန်း ၃၀၀ ပေးတာ၊ ဒီစတိတ်ရှိုးအတွက် အများကြီး ငွေကုန်ကြေးကျခံ လုပ်နေမယ့် အစား ရိုးရာမီးပုံးပျံ ဖွံ့ဖြိုးတိုးတက်စေဖို့ ဆုကြေးတွေ တိုးပေးတာမျိုး၊ ဒါမှမဟုတ် စတိတ်ရှိုး ထည့်မယ် ဆိုရင်တောင် ဒေသခံ တက်သစ်စ အဆိုတော်တွေကို မြေတောင်မြှောက်ပေးတာမျိုး လုပ်စေချင်ပါတယ်။ ပြီးတော့ ပွဲထဲမှာ အခကြေးငွေနဲ့ လုပ်တဲ့ စတိတ်ရှိုးတွေ၊ DJ ဘားတွေလည်း ရှိနေတာကြောင့် ပွဲတော်ကျင်းပရေး ကော်မတီက စတိတ်ရှိုး သီးသန့်လုပ်စရာမလိုဘူးလို့ အကြံပြုချင်ပါတယ်” ဟု ၎င်းက ပြောသည်။

.

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကို အဝေရာမီးပုံးပျံကွင်းအတွင်း နိုဝင်ဘာလ ၁၆ ရက်မှ ၂၄ ရက်အထိ ပြုလုပ်နေခြင်းဖြစ်ပြီး ဆုပေးပွဲနှင့် ပွဲတော်ပိတ်ပွဲကို နိုဝင်ဘာ ၂၅ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages