.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်
,
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း တရုတ်နိုင်ငံမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့
တွေ့ဆုံစဉ် ဥရောပတစ်ဝန်း နယ်မြေတွေအပေါ် ရုရှားရဲ့ စစ်ရေးရန်လိုမှုတွေကို
လျှော့ချဖို့ တိုက်တွန်းခဲ့ကြောင်းနဲ့ အဲဒီလို လုပ်ဆောင်ခြင်းက ယူကရိန်းစစ်ပွဲကို
အမြန်အဆုံး သတ်နိုင်မယ့် သဘောတူညီချက်တစ်ခု ရရှိလာစေဖို့ မျှော်လင့်ကြောင်း
ကြာသပတေးနေ့မှာ ပြောပါတယ်။
.
.ထရမ့်က Truth Social လူမှုကွန်ရက်မှာ
ရေးသားရာမှာ တရုတ်နိုင်ငံ၌ ရုရှားသမ္မတ ပူတင်နဲ့ ဆွေးနွေးခဲ့စဉ် ဥရောပ တစ်ဝန်း
နယ်မြေတွေအပေါ် စစ်ရေးရန်လိုမှုတွေကို ရပ်တန့်လျှော့ချဖို့ ဆွေးနွေးခဲ့ပြီး
ရုရှားနဲ့ ယူကရိန်းအကြား သဘောတူညီချက်တစ်ခု အမြန်ရရှိလာနိုင်ဖို့
မျှော်လင့်ကြောင်း ဖော်ပြခဲ့ပါတယ်။
.
ဒါ့အပြင် အဲဒီလို သဘောတူညီချက်ရရှိဖို့
ဖြစ်နိုင်ခြေကောင်းတစ်ခု ရှိနေတယ်လို့ ယုံကြည်ကြောင်း၊ လစဉ် လူထောင်ချီ
သေဆုံးနေရပြီး အခြေအနေဟာ သွေးထွက်သံယိုမှုကြီးတစ်ခု ဖြစ်နေကြောင်း လည်း ထရမ့်က
ပြောပါတယ်။
.
ထရမ့်ဟာ ယူကရိန်းစစ်ပွဲကို ညှိနှိုင်းမှုနဲ့
အဆုံးသတ်ဖို့ မကြာခဏ တိုက်တွန်းခဲ့ပေမဲ့ ဥရောပတစ်ဝန်း နယ်မြေတွေ အပေါ်
စစ်ရေးရန်လိုမှုတွေ လျှော့ချဖို့ဆိုတဲ့ သူ့ရဲ့ပြောဆိုချက်မှာ ယူကရိန်းစစ်မြေပြင်အ
ပြင် အခြားနယ်မြေတွေကိုပါ ရည်ညွှန်းထားနိုင်ပါတယ်။ ဒါပေမဲ့ ပူတင်ကို
ဘယ်လိုစစ်ရေးလုပ်ရပ်တွေ ရပ်တန့်ဖို့ တောင်းဆိုခဲ့တယ်ဆိုတာကိုတော့ အသေးစိတ်
ပြောဆိုခြင်းမရှိပါဘူး။
.
၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို
ကျူးကျော်စတင်ခဲ့ပြီးနောက်ပိုင်း အခြားနိုင်ငံတွေကလည်း ရုရှားရဲ့ ရန်လိုတဲ့ လုပ်ရပ်တွေနဲ့
ပတ်သက်ပြီး အခါအားလျော်စွာ စွပ်စွဲပြောဆိုခဲ့ကြပါတယ်။
.
ကြာသပတေးနေ့နောက်ပိုင်းမှာလည်း ထရမ့်က ပူတင်ဟာ
သဘောတူညီချက်တစ်ခု ရရှိဖို့ ဆန္ဒရှိ တယ်လို့ ယုံကြည် ကြောင်း ထပ်မံပြောခဲ့ပါတယ်။
ဒါပေမဲ့ ရုရှားသမ္မတ ပူတင်နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးတို့အကြား
အပြန်အလှန် မုန်းတီးမှုတွေက ညှိနှိုင်းရေးလုပ်ငန်းစဉ်ကို ခက်ခဲစေတယ်လို့ ဆိုပါတယ်။
.
နေတိုးအဖွဲ့ဝင် ပိုလန်နိုင်ငံက
ယခုသီတင်းပတ်အတွင်း ရုရှားဟာ ပိုလန်လေပိုင်နက်ကို တမင်တကာ ချိုးဖောက် ခဲ့တယ်လို့
စွပ်စွဲခဲ့ပါတယ်။ အက်စ်တိုးနီးယားနိုင်ငံကလည်း မကြာသေးမီက ဖြစ်ပွားခဲ့တဲ့
မီးရှို့တိုက်ခိုက်မှုတစ်ခုနဲ့ ရုရှားစစ်ဘက်ထောက်လှမ်းရေးအဖွဲ့ကို
ဆက်စပ်ဖော်ပြခဲ့ပါတယ်။
.
ထရမ့်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က တရုတ်နိုင်ငံ
ရှန်ကျန်းမြို့မှာ ကျင်းပတဲ့ APEC ခေါင်းဆောင်များ
အစည်းအဝေးကို တက်ရောက်စဉ် ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး
ယူကရိန်းစစ်ပွဲနဲ့ ပိုမိုကျယ်ပြန့်တဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စ တွေကို
ဖြေရှင်းဖို့ သူ့အစိုးရရဲ့ သံတမန်ရေးကြိုးပမ်းမှုတစ်စိတ် တစ်ပိုင်းအဖြစ်
တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အဲဒီအပြင် ပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့နဲ့
သုံးနိုင်ငံထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်ခဲ့ပါတယ်။
.
ထရမ့်အစိုးရက ခေါင်းဆောင်နှစ်ဦးစလုံးနဲ့
တိုက်ရိုက်ဆက်ဆံခြင်းဟာ ကမ္ဘာ့တင်းမာမှုတွေကို လျှော့ချနိုင်ဖို့
အထောက်အကူပြုမယ်လို့ ယူဆထားပေမဲ့ ဝေဖန်သူတွေကတော့ စစ်ပွဲအဆုံးသတ်ဖို့
မော်စကိုအပေါ် ဝါရှင်တန်က ဖိအားလုံလောက်စွာ ပေးနေခြင်း ရှိ၊ မရှိကို
မေးခွန်းထုတ်နေကြပါတယ်။
.
ထရမ့်ရဲ့ သမက်ဖြစ်သူနဲ့ သံတမန်ရေးရာ
ကိုယ်စားလှယ် ဂျာရက် ကူရှ်နာကလည်း ဗုဒ္ဓဟူးနေ့မှာ ဂျာမန်မီဒီယာအုပ်စု Axel
Springer ရဲ့ အမှုဆောင်အရာရှိချုပ် မာသီယက်စ် ဒေါ့ဖ်နာနဲ့
ပေါ့ဒ်ကတ်စ် အင်တာဗျူးတစ်ခုမှာ ပူတင်ကို “နိုင်ငံရေးပညာရဲ့ အထွတ်အထိပ်
ကျွမ်းကျင်သူ” နဲ့ “သမိုင်းဝင်ပုဂ္ဂိုလ်” တစ်ဦးအဖြစ် ချီးကျူးပြောဆိုခဲ့ပါတယ်။
.
ကူရှ်နာက ယူကရိန်းစစ်ပွဲ ပိုမိုကြီးမားတဲ့
ပဋိပက္ခအဖြစ် ပြောင်းလဲသွားနိုင်တဲ့ အန္တရာယ်ရှိနေသော် လည်း ပူတင်ဟာ
နျူကလီးယားလက်နက်တွေ အသုံးပြုခြင်းကို ရှောင်ကြဉ်ခဲ့တာကို “ထိန်းထိန်း သိမ်းသိမ်း
လုပ်ဆောင်ခဲ့မှု” အဖြစ် ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ပူတင်ဟာ ငြိမ်းချမ်းရေးရရှိဖို့နဲ့
အမေရိကန်နဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်လာဖို့ ဆန္ဒရှိတယ်လို့ ယုံကြည်ကြောင်းလည်း
ကူရှ်နာက ပြောခဲ့ပါတယ်။
.
Ref – Reuters
.

No comments:
Post a Comment