.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်
.
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ
အဓိကရေနံချက်စက်ရုံတစ်ခုမှာ မနေ့က ပေါက်ကွဲမီးလောင်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး
လူ ၉ ဦး ဒဏ်ရာရရှိခဲ့ကာ အနီးအနားနေထိုင်သူတွေကိုလည်း ယာယီရွှေ့ပြောင်းပေးခဲ့
ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
.
.
ဒဏ်ရာရသူအများစုဟာ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပြီး
၃ ဦးမှာ အခြေအနေစိုးရိမ်ရတယ်လို့ ဘန်ကောက်မြို့ Erawan Medical Center က ထုတ်ပြန်ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ ဗီဒီယိုတွေမှာလည်း
ဘန်ကောက်မြို့ အရှေ့ပိုင်းရှိ မီးလောင်မှုဖြစ်ပွားရာနေရာကနေ မီးခိုးအမည်းရောင် တွေ
အမြောက်အမြား ထွက်ပေါ်နေတဲ့ပုံတွေကို တွေ့ရပါတယ်။
.
အစိုးရကလည်း မီးလောင်မှုဖြစ်ပွားတဲ့နေရာကို
ရှောင်ရှားကြဖို့ အကြောင်းကြားချက်ကို ဒေသခံတွေဆီ ဖုန်းမှတစ်ဆင့် ပေးပို့ခဲ့ပြီး
အဲဒီဖြစ်စဉ်ဟာ မွန်းလွဲ ၃ နာရီခန့်မှာ ဖြစ်ပွားခဲ့တာလို့ ဖော်ပြထားပါတယ်။
ဘန်ကောက်မြို့အာဏာပိုင်တွေ ကလည်း ဖြစ်စဉ်ဖြစ်ပွားပြီး တစ်နာရီမပြည့်မီမှာပဲ မီးကို
ငြှိမ်းသတ်နိုင် ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
.
နောက်ပိုင်းမှာ အနီးအနားနေထိုင်သူတွေကို
နေအိမ်တွေ ပြန်ဝင်နိုင်ပြီလို့ အသိပေးခဲ့ပေမဲ့ ရေနံချက်စက်ရုံအနီး ၅
ကီလိုမီတာအတွင်း နေထိုင်သူတွေကိုတော့ လေထုညစ်ညမ်းမှု အန္တရာယ်ကြောင့်
သတိထားနေကြဖို့ အကြံပြုထားပါတယ်။
.
ထိုင်းနိုင်ငံ ညစ်ညမ်းမှုထိန်းချုပ်ရေးဌာနကလည်း
မီးလောင်မှုဖြစ်ပွားရာ အနီးဝန်းကျင်မှာ လေထုနဲ့ ရေအရည်အသွေး ကို စစ်ဆေးအကဲဖြတ်ဖို့
တာဝန်ရှိသူတွေ စေလွှတ်ထားတယ်လို့ ပြောပါတယ်။
.
ရေနံချက်စက်ရုံနဲ့ သိုလှောင်ရေးလုပ်ငန်းကို
ပိုင်ဆိုင်တဲ့ Bangchak Corp. ကလည်း Facebook မှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့ပြီး
မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း
ထုတ်ပြန်ပါတယ်။ ကုမ္ပဏီက ထုတ်လုပ်မှုလုပ်ငန်းအားလုံးကိုလည်း
ယာယီရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။
.
ထိုင်းစွမ်းအင်ဝန်ကြီး Akanat Promphan က မီးဟာ ရေနံချက်စက်ရုံရဲ့ စက်ရုံယူနစ်တစ်ခုမှာ စတင်လောင်ကျွမ်းခဲ့တာ ဖြစ်နိုင်ပြီး
အဲဒီနေရာဟာ ရေနံသိုလှောင်ကန်တွေနဲ့ မီတာ ၁၀၀ ခန့်အကွာမှာ ရှိတယ်လို့ ပြောပါတယ်။
.
“ရေနံသိုလှောင်ကန်တွေ လုံခြုံတယ်ဆိုတာ ၁၀၀
ရာခိုင်နှုန်း သေချာမသိရသေးဘူးဆိုရင် သူတို့ကို လုပ်ငန်းပြန်စခွင့် ပေးမှာ
မဟုတ်ပါဘူး” လို့ ဝန်ကြီးက ပြောပါတယ်။
.
ထိုင်းနိုင်ငံရဲ့ ရေနံထောက်ပံ့မှုအပေါ်
အခုမီးလောင်မှုကြောင့် ထိခိုက်မှုရှိမှာ မဟုတ်ဘူးလို့လည်း ဝန်ကြီး Akanat က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ အခြားရေနံချက်စက်ရုံ ၅ ခု ရှိနေသလို
အခုမီးလောင်မှုဖြစ်ပွား ခဲ့တဲ့ စက်ရုံဟာ အကြီးဆုံး စက်ရုံတွေထဲမှာ
ပါဝင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။
.
တစ်ရက်လျှင် ရေနံစည်ပေါင်း ၁၂၀,၀၀၀ ချက်လုပ်နိုင်တဲ့ စွမ်းရည်ရှိကြောင်း ဖော်ပြထားတဲ့
အဲဒီရေနံချက်စက်ရုံဟာ ထိုင်းနိုင်ငံမှာ ပဉ္စမအကြီးဆုံး ရေနံချက်စက်ရုံဖြစ်ပြီး
မြို့ပြဧရိယာအတွင်း တည်ရှိတဲ့ တစ်ခုတည်းသော ရေနံချက်စက်ရုံ လည်း ဖြစ်ပါတယ်။
.
အဲဒီရေနံချက်စက်ရုံမှာ ၂၀၁၂ ခုနှစ်
ဇူလိုင်လကလည်း ပေါက်ကွဲမှုနဲ့ မီးလောင်မှု ဖြစ်ပွားခဲ့ဖူးပြီး အနီးအနား လူနေအိမ် တွေ
ထိခိုက်ပျက်စီးခဲ့ကာ စက်ရုံပြုပြင်ရေးလုပ်ငန်းတွေကို ၂ ပတ်ကြာ လုပ်ဆောင်ခဲ့ရပါတယ်။
.
Ref – AP
.

No comments:
Post a Comment