.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပရာ အဝေရာမီးပုံးပျံကွင်းအတွင်း
ယမန်နေ့ နိုဝင်ဘာလ ၂၂ ရက်၊ ညနေပိုင်း က လက်ကိုင်ဖုန်း ခါးပိုက်နှိုက် လုယက်လာသူ အမျိုးသားတစ်ဦးကို
ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
.
.
တောင်ကြီးမြို့မရဲစခန်း တပ်ဖွဲ့ဝင်များ ပါဝင်သော
ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နိုဝင်ဘာလ ၂၂ ရက်၊ ညနေ ၆ နာရီခန့်က အဝေရာမီးပုံးပျံကွင်းအတွင်း
လှည့်ကင်းဆောင်ရွက်နေစဉ် မသင်္ကာဖွယ်တွေ့ရှိသူ အဆိုပါ အမျိုးသားကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ဖမ်းဆီးရမိသူမှာ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်နေ
ဆန်းဦး ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းထံမှ တွေ့ရှိသည့် Redmi 9A အမျိုးအစား လက်ကိုင်ဖုန်းနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းရာ ဖုန်းအား မီးပုံးပျံကွင်းအတွင်း
အမျိုးသမီးတစ်ဦး၏ အိတ်ကပ်အတွင်းမှ တိတ်တဆိတ် ခိုးယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု
သိရသည်။
.
အဆိုပါ လက်ကိုင်ဖုန်း ခိုးယူလာသူ ဆန်းဦးအား တောင်ကြီးမြို့မရဲစခန်းတွင်
ရာဇသတ်ကြီးပုဒ်မ ၃၇၉ (နှိုက်) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပရာ အဝေရာမီးပုံးပျံကွင်းအတွင်း
ခါးပိုက်နှိုက် လုယက်ခံရမှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ပွဲလာပရိသတ်များအနေဖြင့် ဂရုပြုသွားလာကြရန်
လိုအပ်ကြောင်း ဒေသခံများက ပြောဆိုနေကြပြီး မီးပုံးပျံဒိုင်အဖွဲ့ကလည်း သတိပေးပြောဆိုလျက်ရှိသည်။
.
ပွဲတော်ကျင်းပရာ အဝေရာမီးပုံးပျံကွင်းအပြင် တောင်ကြီးမြို့ပေါ်
ရပ်ကွက်များရှိ နေအိမ်များတွင်လည်း နေအိမ် ဖောက်ထွင်း ခိုးယူခံရမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး
နိုဝင်ဘာလ ၂၀ ရက်၊ ညပိုင်းက ကံကြီးရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ဖောက်ထွင်းခိုးယူခံရမှု
ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
.

No comments:
Post a Comment