.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊
တန်ဆောင်တိုင်မီးထွန်းပွဲတော် ဖွင့်ပွဲကို ယနေ့ နိုဝင်ဘာလ ၂၈ ရက်၊ ညနေပိုင်းက
ဟိုပုံးမြို့၊ သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးတွင် ပြုလုပ်ခဲ့ကြောင်း
သိရသည်။
.
.ဟိုပုံးတန်ဆောင်တိုင် မီးထွန်းပွဲတော်ကို
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော်
ဥက္ကဋ္ဌ စိုင်းလုံကျော်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ခွန်ဖိုးစိန်၊
ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်
ပေးခဲ့ပြီး တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအထိမ်းအမှတ် မီးပုံးပျံငယ်များ
လွှတ်တင်ခဲ့ကြကြောင်း သိရသည်။
.
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်
ဝန်ကြီးများ၊ တာဝန်ရှိသူများက ရတနာဒီပံ ဆီမီး ထွန်းညှိပူဇော်ပြီး ဟိုပုံး အထက (၁)
နှင့် အထက (၂) ကျောင်းသား/သူများက မီးပုံးအလှ ကပြဖျော်ဖြေကာ ကျောင်းသား/သူများအား
ပြည်နယ် ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
.
ဟိုပုံးမြို့ မွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယ
ပူဇော်ပွဲနှင့် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာလ ၂၈ ရက် မှ ဒီဇင်ဘာလ ၂
ရက် အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မီးပုံးပျံပြိုင်ပွဲတွင် ညမီးကြီးမီးပုံးပျံ
၁၅ လုံး လွှတ်တင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
.
တန်ဆောင်တိုင်ပွဲတော်အတွင်း
မီးပုံးပျံပြိုင်ပွဲအပြင် မီးပဒေသာ လှည့်လည်ပူဇော်ပွဲကို ညစဉ်
ပြုလုပ်သွားမည်ဖြစ်ပြီး သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးရှေ့ ရင်ပြင်တွင်
ပွဲဈေးတန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် လျက်ရှိကြောင်း သိရဿည်။
.

No comments:
Post a Comment