ဂျပန်မှာ ဗီဇာသက်တမ်းကျော်နေသူ နိုင်ငံခြားသားတွေထဲမှာ ထိုင်းနိုင်ငံသားတွေ အများဆုံးဖြစ်လာ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Tuesday, November 17, 2026

ဂျပန်မှာ ဗီဇာသက်တမ်းကျော်နေသူ နိုင်ငံခြားသားတွေထဲမှာ ထိုင်းနိုင်ငံသားတွေ အများဆုံးဖြစ်လာ

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်

.

ဂျပန်နိုင်ငံမှာ ဗီဇာသက်တမ်းကျော်ပြီး နေထိုင်နေတဲ့ နိုင်ငံခြားသားတွေထဲမှာ ထိုင်းနိုင်ငံသားတွေက အများဆုံးအုပ်စု ဖြစ်လာပြီး ဗီယက်နမ်နိုင်ငံသားတွေကို ကျော်တက်သွားပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံသားတွေ ဗီဇာသက်တမ်း ကျော် နေတဲ့ အရေအတွက်ကတော့ ၂၀၂၆ ခုနှစ်အစပိုင်းကနေ ဇူလိုင်လအထိ ၆ ရာခိုင်နှုန်းနီးပါး လျော့ကျလာပါတယ်။

.

.

ဂျပန်လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုအေဂျင်စီရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင် ၁ ရက်အထိ ဂျပန်မှာ ဗီဇာသက်တမ်း ကျော်နေတဲ့ ထိုင်းနိုင်ငံသား ၁၀,၂၆၀ ဦး ရှိပြီး ဗီယက်နမ်နိုင်ငံသားက ၁၀,၁၃၅ ဦး ရှိပါတယ်။

.

နှစ်အစပိုင်းမှာတော့ ဗီယက်နမ်နိုင်ငံသားတွေက ဗီဇာသက်တမ်းကျော်နေသူ အများဆုံးဖြစ်ခဲ့ပေမဲ့ နည်းပညာ အလုပ်သင်လုပ်သားတွေ နိုင်ငံပြန်သွားတာအပါအဝင် တခြားအကြောင်းရင်းတွေကြောင့် ဗီယက်နမ်နိုင်ငံသား ဗီဇာသက်တမ်းကျော်သူတွေ လျော့ကျလာတဲ့အတွက် ထိုင်းနိုင်ငံသားတွေက ပထမနေရာကို ရောက်လာတာ ဖြစ်ပါတယ်။

.

ထိုင်းနိုင်ငံသားတွေက အများဆုံးဖြစ်လာပေမဲ့ သူတို့ရဲ့ အရေအတွက်က ဇန်နဝါရီ ၁ ရက်မှာ ၁၀,၉၀၇ ဦးရှိရာကနေ ဇူလိုင် ၁ ရက်မှာ ၁၀,၂၆၀ ဦးအထိ လျော့ကျခဲ့တာဖြစ်ပြီး ၆၄၇ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၅.၉ ရာခိုင်နှုန်းလောက် ကျဆင်း ခဲ့ပါတယ်။

.

ဂျပန်နိုင်ငံမှာ ဗီဇာသက်တမ်းကျော်နေတဲ့ နိုင်ငံခြားသားအားလုံးထဲမှာ ထိုင်းနိုင်ငံသားတွေက ၁၅ ဒသမ ၇ ရာခိုင်နှုန်းလောက် ပါဝင်ပါတယ်။

.

ဇူလိုင် ၁ ရက်အထိ ဂျပန်မှာ ဗီဇာသက်တမ်းကျော်နေတဲ့ နိုင်ငံခြားသား စုစုပေါင်း ၆၅,၂၂၉ ဦး ရှိပြီး နှစ်အစပိုင်းနဲ့ နှိုင်းယှဉ်ရင် ၄ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျလာပါတယ်။

.

ဂျပန်လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုအေဂျင်စီကတော့ ဒီလိုလျော့ကျလာတာဟာ တရားမဝင် နေထိုင်သူတွေကို ဖော်ထုတ်အရေးယူမှု ပိုမိုတင်းကျပ်စေဖို့၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ချိုးဖောက် မှုတွေကို မြန်မြန်ဆန်ဆန် အရေးယူ ဖို့နဲ့ ဂျပန်မှာ တရားဝင်နေထိုင်ခွင့် မရှိတော့သူတွေကို နိုင်ငံကနေ ပြန်လည်ထွက်ခွာစေဖို့ ရည်ရွယ်တဲ့ Zero Illegal Foreign Residents Plan ကြောင့်လည်း ဖြစ်တယ်လို့ ပြောပါတယ်။

.

တစ်ဖက်မှာလည်း ဂျပန်နိုင်ငံမှာ နိုင်ငံခြားသားနေထိုင်သူဦးရေက စံချိန်တင်အဆင့်အထိ ဆက်လက်မြင့်တက်နေ ပါတယ်။

.

အောက်တိုဘာ ၁၆ ရက်မှာ ထုတ်ပြန်တဲ့စာရင်းအရ ဇွန်လကုန်အထိ ဂျပန်မှာ နိုင်ငံခြားသားနေထိုင်သူ ၄,၂၈၁,၀၂၆ ဦး ရှိလာပြီး ၂၀၂၅ ခုနှစ်ကုန်နဲ့ နှိုင်းယှဉ်ရင် ၃.၈ ရာခိုင်နှုန်း တိုးလာပါတယ်။

.

နိုင်ငံအလိုက်ကြည့်ရင် တရုတ်နိုင်ငံသားတွေက ၉၄၁,၀၃၁ ဦးနဲ့ အများဆုံးဖြစ်ပြီး ဗီယက်နမ်နဲ့ တောင်ကိုရီးယား နိုင်ငံသားတွေက နောက်မှာ ရှိပါတယ်။

.

နေထိုင်ခွင့်အမျိုးအစားအလိုက်တော့ အမြဲတမ်းနေထိုင်ခွင့်ရှိသူတွေက ၉၆၁,၃၄၂ ဦးနဲ့ အများဆုံးဖြစ်ပြီး ၁ ဒသမ ၅ ရာခိုင်နှုန်း တိုးလာပါတယ်။ အင်ဂျင်နီယာ၊ လူမှုရေးနဲ့ နိုင်ငံတကာဝန်ဆောင်မှုလုပ်ငန်းတွေမှာ လုပ်ကိုင်ခွင့်ရှိတဲ့ နေထိုင်ခွင့်အမျိုးအစားကတော့ ၅၁၆,၁၈၄ ဦးရှိပြီး ၈.၅ ရာခိုင်နှုန်း တိုးလာပါတယ်။ ဒီအုပ်စုထဲမှာ အင်ဂျင်နီယာတွေ၊ စကားပြန်တွေ၊ ဘာသာပြန်တွေလို ကျွမ်းကျင်လုပ်သားတွေ ပါဝင်ပါတယ်။

.

တစ်ချိန်တည်းမှာပဲ ဂျပန်နိုင်ငံက နိုင်ငံခြားသားတွေ စီးပွားရေးလုပ်ငန်းတည်ထောင်ပြီး လုပ်ကိုင်ဖို့ လျှောက်ထားတဲ့ Business Manager နေထိုင်ခွင့်အတွက်လည်း စည်းမျဉ်းတွေ ပိုတင်းကျပ်လာပါတယ်။

.

၂၀၂၆ ခုနှစ် ပထမနှစ်ဝက်မှာ Business Manager နေထိုင်ခွင့်နဲ့ ဂျပန်ကို အသစ်ဝင်လာသူ အရေ အတွက်ဟာ မနှစ်က အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ၈၀ ရာခိုင်နှုန်းလောက် ကျဆင်းပြီး ၆၃၅ ဦးပဲ ရှိခဲ့ပါတယ်။

.

ဒီလိုကျဆင်းလာတာဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ စည်းမျဉ်းတွေ ပြောင်းလဲခဲ့တာနဲ့လည်း ဆက်စပ်နေပါ တယ်။ အဲဒီအပြောင်းအလဲအရ ဒီနေထိုင်ခွင့်အတွက် လိုအပ်တဲ့ အနည်းဆုံး မတည်ငွေကို ယန်း ၅ သန်းကနေ ယန်း သန်း ၃၀ အထိ တိုးမြှင့်ခဲ့တာဖြစ်ပြီး ၆ ဆ တိုးလာတာ ဖြစ်ပါတယ်။

.

နိုင်ငံခြားသားတချို့က တကယ့်လုပ်ငန်းမလုပ်ဘဲ အခွံကုမ္ပဏီတွေ ဒါမှမဟုတ် လုပ်ငန်းအတုတွေ အသုံးပြုပြီး နေထိုင်ခွင့်ရယူနေတယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ဒီစည်းမျဉ်းတွေကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

.

ဒါ့အပြင် ၂၀၂၆ ခုနှစ် ပထမ ၆ လအတွင်း ဂျပန်နိုင်ငံကို နိုင်ငံခြားသား ၂၂,၈၁၇,၇၆၆ ဦး ဝင်ရောက်ခဲ့ပြီး မနှစ်က အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ၂.၅ ရာခိုင်နှုန်း လျော့ကျခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ကိုဗစ်ကပ် ရောဂါနောက်ပိုင်း ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် နိုင်ငံခြားသားဝင်ရောက်မှု ကျဆင်းလာတာ ဖြစ်ပါတယ်။

.

အဲဒီထဲမှာ တရုတ်နိုင်ငံကနေ ဂျပန်ကို ရောက်လာတဲ့ ရေတိုခရီးသွားအသစ်အရေအတွက်ဟာ မနှစ်က အလားတူ ကာလနဲ့ နှိုင်းယှဉ်ရင် ၆၀ ရာခိုင်နှုန်းနီးပါး လျော့ကျခဲ့ပါတယ်။ ဂျပန်လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေကတော့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ တရုတ်အစိုးရက သူ့နိုင်ငံသားတွေကို ဂျပန်နိုင်ငံကို ခရီးမသွားဖို့ သတိပေးခဲ့တာနဲ့လည်း ဆက်စပ်နိုင်တယ်လို့ ပြောပါတယ်။

.

ဂျပန်မှာ ဗီဇာသက်တမ်းကျော်နေတဲ့ ထိုင်းနိုင်ငံသားအရေအတွက် အများဆုံးဖြစ်လာတာကြောင့် ထိုင်းနိုင်ငံသားတွေ အတွက် ဂျပန်ရဲ့ ဗီဇာကင်းလွတ်ခွင့်အပေါ် ထိခိုက်မှုရှိလာနိုင်မလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။

.

ဂျပန်ဟာ ၂၀၁၃ ခုနှစ် ဇူလိုင် ၁ ရက်ကစပြီး ထိုင်းနိုင်ငံသားတွေအတွက် ဗီဇာကင်းလွတ်ခွင့် ပေးထားပြီး အီလက်ထရွန်းနစ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေဟာ ခရီးသွားတာ၊ မိသားစုဆီ သွားရောက် လည်ပတ်တာနဲ့ ရေတိုစီးပွားရေးကိစ္စတွေအတွက် ဗီဇာကြိုတင်လျှောက်စရာမလိုဘဲ ၁၅ ရက်အထိ ဝင်ရောက်နိုင်ပါတယ်။

.

ထိုင်းနိုင်ငံ ကောင်စစ်ရေးရာဌာနကလည်း ဇူလိုင် ၈ ရက်မှာ ဂျပန်နိုင်ငံက ထိုင်းနိုင်ငံသားတွေအတွက် ဗီဇာ ကင်းလွတ်ခွင့်ကို နောက်ထပ်တစ်နှစ် တိုးပေးခဲ့ပြီး ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်ကနေ ၂၀၂၇ ခုနှစ် ဇွန် ၃၀ ရက်အထိ ဆက်လက်အကျုံးဝင်မယ်လို့ အတည်ပြုထားပါတယ်။

.

ထိုင်းနိုင်ငံသားခရီးသွားတွေကိုလည်း လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းတွေကို တိတိကျကျ လိုက်နာဖို့၊ ဗီဇာ သက်တမ်းမကျော်ဖို့နဲ့ ခွင့်ပြုချက်မရှိဘဲ အလုပ်မလုပ်ဖို့ သတိပေးထားပါတယ်။

.

ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံရုံးကလည်း ဗီဇာကင်းလွတ်ခွင့်ဟာ တရားဝင် ရေတိုခရီးစဉ်တွေအတွက်ပဲ ဖြစ်တယ်လို့ သတိပေးထားပါတယ်။ ဂျပန်လူဝင်မှုကြီးကြပ်ရေးအရာရှိတွေကလည်း လေယာဉ်ပြန်လက်မှတ်၊ လုံလောက်တဲ့ ငွေကြေးရှိကြောင်း အထောက်အထား၊ တည်းခိုမယ့်နေရာနဲ့ ခရီးစဉ်အစီအစဉ်တွေလို အထောက်အထားတွေကို တောင်းခံနိုင်ပါတယ်။

.

Ref – Khaosod

.

No comments:

Post a Comment

Pages