.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်
.
တရုတ်၊ အမေရိကန်နဲ့ ရုရှားတို့ဟာ ကြာသပတေးနေ့က
ပထမဆုံးအကြိမ် သုံးနိုင်ငံထိပ်သီးတွေ့ဆုံပြီး “ငြိမ်းချမ်းရေး ကြေညာချက်”
ထုတ်ပြန်ခဲ့ပါတယ်။ ထိပ်သီးခေါင်းဆောင်တွေက နျူကလီးယားစစ်ပွဲဟာ
အနိုင်ရနိုင်တဲ့စစ်ပွဲ မဟုတ် သလို ဘယ်တော့မှ မဖြစ်ပွားသင့်ဘူးလို့
ပြန်လည်အတည်ပြုခဲ့ပေမဲ့ ထရမ့်က အချိန်ကြာမြင့်စွာ လိုလားခဲ့တဲ့ နျူကလီးယားလက်နက်
လျှော့ချရေး ဆွေးနွေးပွဲတွေ စတင်မယ့်အစီအစဉ်ကိုတော့ မကြေညာခဲ့ပါဘူး။
.
.တရုတ်သမ္မတ ရှီကျင့်ဖျင်၊ အမေရိကန်သမ္မတ
ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ထုတ်ပြန်တဲ့ ပူးတွဲ ကြေညာချက်ဟာ
အာရှခရီးစဉ် ၃ ရက်အတွင်း ထရမ့်ရဲ့ နောက်ဆုံးတွေ့ဆုံမှု ဖြစ်ပါတယ်။ ဒါပေမဲ့
ခရီးစဉ်အတွင်း လက်တွေ့ကျတဲ့ အောင်မြင်မှုအနည်းငယ်သာ ရရှိခဲ့ပြီး ထရမ့်က
သမိုင်းဝင်အောင်မြင်မှုတွေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင် နိုင်ခဲ့တယ်လို့ ထပ်ခါတလဲလဲ
ပြောဆိုခဲ့ပါတယ်။
.
ခေါင်းဆောင် ၃ ဦးက ကုလသမဂ္ဂ
ပြုပြင်ပြောင်းလဲရေးကို မြှင့်တင်ဖို့၊ နိုင်ငံအားလုံးအတွက် လောင်စာ ဆီထောက်ပံ့မှု
တိုးမြှင့်ဖို့နဲ့ နိုင်ငံတကာတရားရုံးတွေမှာ နိုင်ငံ့အရာရှိတွေ ရရှိထားတဲ့
တရားစွဲဆိုခံရမှု ကင်းလွတ်ခွင့်ကို ထိန်းသိမ်းဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမဲ့
ယူကရိန်းစစ်ပွဲနဲ့ အမေရိကန်-အီရန် ပဋိပက္ခအကြောင်းကိုတော့ ကြေညာချက်မှာ
ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။
.
ပူတင်က ဒီသဘောတူညီချက်မှာ
ရည်မှန်းချက်ကြီးကြီးမားမား မပါဝင်သလို ဆုံးဖြတ်ချက်တွေကို ဘယ်နိုင်ငံကိုမှ
လိုက်နာဖို့ အတင်းအကျပ် မလုပ်နိုင်ဘူးလို့ ပြောပါတယ်။ နျူကလီးယားအန္တရာယ်
လျှော့ချရေးနဲ့ နျူကလီးယား လက်နက် မပြန့်ပွားရေးအတွက် ဆွေးနွေးသွားမယ်လို့ ဆိုပေမဲ့
အချိန်ဇယားကိုတော့ မသတ်မှတ်ထားပါဘူး။
.
ထရမ့်က ပူတင်ကို “ကျွန်တော့်သူငယ်ချင်း” လို့
ခေါ်ဆိုခဲ့ပြီး ရှီကျင့်ဖျင်ကလည်း သူ့ကို ဖက်လှဲတကင်းနှုတ်ဆက်ခဲ့ ပါတယ်။ ထရမ့်က
ရှီကျင့်ဖျင်ကိုလည်း သူငယ်ချင်းနဲ့ “အံ့သြစရာ ကောင်းတဲ့ခေါင်းဆောင်” လို့
ခေါ်ခဲ့ပြီး ထိပ်သီး တွေ့ဆုံမှုဟာ “၁၀ မှာ ၁၂ ရမှတ်” ရခဲ့တယ်လို့ ပြောပါတယ်။
.
တစ်ဖက်မှာတော့ အမေရိကန် ဒီမိုကရက်တစ်အမတ်
ချားလ်စ်ရှူးမားက ဒီထိပ်သီးအစည်းအဝေးဟာ “သမိုင်းဝင် အရှက်ရစရာ” ဖြစ်တယ်လို့
ဝေဖန်ခဲ့ပါတယ်။ လက်နက်ထိန်းချုပ်ရေးအသင်းမှ ဒါရယ်ကင်ဘောလ်က နျူကလီးယား စစ်ပွဲ
မဖြစ်သင့်ဘူးဆိုတဲ့ အတည်ပြုချက်ကို ကြိုဆိုပေမယ့် စကားလုံးတွေသာမက
လက်တွေ့လုပ်ဆောင်မှုတွေ လိုအပ်တယ်လို့ ပြောပါတယ်။
.
ဥရောပနိုင်ငံတွေကလည်း ဘာလင်မှာ ယူကရိန်းကို
ထောက်ခံဖို့ တွေ့ဆုံခဲ့ပြီး သူတို့မပါဘဲ ငြိမ်းချမ်းရေးသတ်မှတ်ချက် တွေ
ချမှတ်တာကို လက်မခံနိုင်ကြောင်း ပြောပါတယ်။ ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ် မာ့ဇ်က
“ယာလ်တာပုံစံ” ထိပ်သီး တွေ့ဆုံမှုက ငြိမ်းချမ်းရေးရစေမှာ မဟုတ်ဘူးလို့
ပြောခဲ့ပါတယ်။
.
ရှန်ကျန်းမြို့က ရေကန်အနီး
တောအုပ်တောင်ကုန်းတွေကြားရှိ ဗီလာတစ်ခုမှာ တွေ့ဆုံခဲ့ကြတဲ့ ထရမ့်၊ ရှီကျင့်ဖျင်နဲ့
ပူတင်တို့ရဲ့ ထိပ်သီးအစည်းအဝေးဟာ ပူတင်အတွက် သံတမန်ရေးအရ အောင်မြင်မှုတစ်ခု
ဖြစ်ခဲ့ပြီး ရုရှားအပေါ် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေ ဆက်ရှိနေချိန်မှာ
နိုင်ငံတကာမှာ ပြန်လည်ယုံကြည်လက်ခံမှု ရရှိစေခဲ့ တယ်လို့ လေ့လာသူတွေက
သုံးသပ်ပါတယ်။
.
Ref – Reuters
.

No comments:
Post a Comment