.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်
.
တောင်ကြီးမြို့၊ မြို့မဈေး အရှေ့မျက်နှာစာတွင် တပ်ဆင်ထားသည့်
ဘီယာကြော်ငြာ ဆိုင်းဘုတ်များနှင့် ပတ်သက်၍ ဒေသခံများအကြား ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက်
ယနေ့ နိုဝင်ဘာလ ၂၈ ရက်၊ နံနက်ပိုင်းတွင် ယင်းကြော်ငြာ ဘုတ်များကို ပြန်လည်ဖြုတ်ချထားသည်ဟု
သိရသည်။
.
.
အဆိုပါကြော်ငြာဘုတ်များသည် တောင်ကြီးမြို့၏
လူစည်ကားရာ မြို့လယ်ခေါင်၊ မြို့မဈေးအနီး ဗိုလ်ချုပ်လမ်းမ ပေါ်တွင်
တပ်ဆင်ထားခြင်းဖြစ်ပြီး ABC နှင့် Tiger ဘီယာအမှတ်တံဆိပ်များ၏ ကြော်ငြာဘုတ်များဖြစ်ကြောင်း သိရသည်။
.
ယင်းနေရာသည် ပြည်သူများ
နေ့စဉ်သွားလာလှုပ်ရှားမှုများပြားသည့် နေရာဖြစ်သည့်အပြင် လူငယ်များနှင့်
ကျောင်းသား/ကျောင်းသူများပါ ဖြတ်သန်းသွားလာလေ့ရှိသည့်အတွက် ဘီယာနှင့်
အရက်သောက်သုံးမှုကို အားပေးရာရောက်နိုင်ပြီး လူငယ်များအပေါ် မကောင်းသည့်
သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံများအကြား ဝေဖန်ပြောဆို နေခြင်းဖြစ်သည်။
.
“မြို့လယ်ခေါင်နဲ့ လူစည်ကားရာနေရာတွေမှာ အများပြည်သူအပေါ်
သက်ရောက်မှုရှိနိုင်တဲ့ ကြော်ငြာတပ်ဆင်မှုနဲ့ ပတ်သက်ပြီး စနစ်တကျ စီမံခန့်ခွဲဖို့ လိုပါတယ်”
ဟု တောင်ကြီးဒေသခံ တစ်ဦးက ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ
တာဝန်ရှိသူက “ဘီယာကြော်ငြာတွေကို ခွင့်မပြုထားပါဘူး။ ရိုးရိုးကြော်ငြာပဲ ခွင့်ပြုထားတာပါ။
သူတို့ကလည်း တန်ဆောင်တိုင်ပွဲ ကာလမှာ ကြော်ငြာတာပေါ့။ အခု ပွဲပြီးသွားတော့ ပြန်ဖြုတ်ခိုင်းထားပါတယ်”
ဟု ပြောဆိုခဲ့သည်။
.
စည်ပင်သာယာရေးဌာန အနေဖြင့် ယခုလို လူထုအသံကို နားထောင်ပြီး
အများသဘောဆန္ဒအရ ဘီယာကြော်ငြာဘုတ် များကို ပြန်လည်ဖြုတ်ချပေးသည့်အတွက် ကြိုဆိုကြောင်း
ဒေသခံများက ပြောဆိုကြသည်။
.

No comments:
Post a Comment