.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင်
ယမန်နေ့ နိုဝင်ဘာလ ၂၁ ရက်က အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်သူ
တရုတ်နိုင်ငံသား ၂၅ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.မိုင်းကိုင်မြို့နယ်၊ လုံစံကျေးရွာအနီးတွင် အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့်
အွန်လိုင်းလောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ
ပါဝင်သော ပူးပေါင်းအဖွဲ့က စုံစမ်းရှာဖွေဖော်ထုတ်မှုများ ပြုလုပ်ခဲ့ရာ ယမန်နေ့ နိုဝင်ဘာ
၂၁ ရက်၊ နံနက်ပိုင်းက အဆိုပါ တရုတ်နိုင်ငံသား ၂၅ ဦးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
.
ထို့အပြင် ဖမ်းဆီးရမိသူများနှင့်အတူ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများ
လုပ်ကိုင်ရာတွင် အသုံးပြုသည့် ယာယီ တဲ ၄ လုံး၊ ALL IN ONE ကွန်ပြူတာ
၂ လုံး၊ ဖုန်းမျိုးစုံ ၃၉ လုံး၊ STARLINK
၂ လုံး၊ POWER STATION ၂ လုံး၊ GAS မီးဖို ၂ လုံး၊ အင်တာနက်လိုင်းအားမြှင့်စက် ၂ လုံး၊ ROUTER ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
ဖမ်းဆီးရမိခဲ့သည့် အွန်လိုင်းငွေကြေးလိမ်လည်မှုကျူးလွန်သူများသည်
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှတစ်ဆင့် မြန်မာ-တရုတ် နယ်စပ်မှတရားမဝင်ခိုးဝင်၍
မြန်မာနိုင်ငံ၊ ပန်ဆန်းမြို့သို့ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့်
ဝမ်ဟိုင်း-ကျေးသီး-ပန်ပို-ဟမ်းငိုင် လမ်းကြောင်းမှ မိုင်းကိုင်မြို့နယ်၊
လုံစံကျေးရွာအနီးသို့ ရောက်ရှိခဲ့ပြီး အွန်လိုင်းငွေကြေး လိမ်လည်မှု လုပ်ငန်းများအား
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်ခန့်မှစ၍ စတင်လုပ်ကိုင်ခဲ့ခြင်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်
ခဲ့သည်ဟု သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသူများအား စစ်ဆေးမှုများဆောင်ရွက်ပြီးစီးပါက
တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီးသိမ်းဆည်းရမိသည့်
လုပ်ငန်းသုံးပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့် အညီ
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment