.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နောင်လေကျေးရွာအုပ်စု၊
မူးရားအနောက်ကျေးရွာတွင် နိုဝင်ဘာလ ၂၇ ရက်၊ ညပိုင်းက လင်မယား စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပြီး
ဇနီးဖြစ်သူ သေဆုံးခဲ့ကြောင်း သိရသည်။
.
.နောင်လေကျေးရွာအုပ်စု၊ မူးရားအနောက်ကျေးရွာနေ နန်းသန်းအေး
သည် နိုဝင်ဘာ ၂၇ ရက်၊ ညနေ ၆ နာရီခွဲခန့်က နေအိမ်တွင် ရှိနေစဉ် ခင်ပွန်းဖြစ်သူ ခွန်အောင်နိုင်
ယာခင်းမှ ပြန်လည်ရောက်ရှိလာပြီးနောက် လင်မယားနှစ်ဦး စကားများ ရန်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ထိုသို့ စကားများရန်ဖြစ်စဉ် ခင်ပွန်းဖြစ်သူ ခွန်အောင်နိုင်က
အသင့်ပါလာသည့် အရိုး/အသွား ၁ ပေခန့်ရှိ ဓားဦးချွန်ဖြင့် ဇနီးဖြစ်သူ နန်းသန်းအေးအား
၄/၅ ချက်ခန့် ထိုး၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။
.
ထိခိုက်ဒဏ်ရာရရှိသူ နန်းသန်းအေး အား တောင်ကြီးမြို့၊
စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ယင်းနေ့ည ၈ နာရီခွဲ ခန့်တွင် ရရှိဒဏ်ရာများဖြင့်
သေဆုံးသွားခဲ့ကြောင်း သိရသည်။
.
“နောင်လေအုပ်စု၊ မူးရားရွာမှာဖြစ်တာပါ။ အမှုဖွင့်ထားပါတယ်။
ဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်” ဟု တောင်ကြီးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
ထို့အတူ နောင်လေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကလည်း
“၂၇ ရက်ညက ဖြစ်တာပါ။ သူက အပြင်ကနေ ပြန်လာပြီး အော်သံကြားလို့ ဘေးအိမ်က သွားကြည့်တဲ့အခါမှာ
သူ့ယောက်ျားက သူ့ကို ဓားနဲ့ ထိုးပြီး ထွက်ပြေးသွားတာပါ။ အခုထိ ဖမ်းမမိသေးပါဘူး” ဟု
ပြောဆိုခဲ့သည်။
.
အဆိုပါ ဇနီးဖြစ်သူအား ဓားဖြင့်ထိုး၍ ထွက်ပြေးတိမ်းရှောင်နေသူ
ခွန်အောင်နိုင်အား တောင်ကြီးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်လှစ်ပြီး
ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment