တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွင်း ဘားဆိုင်များ ပြည့်နေသည့်အပေါ် ဒေသခံများ ဝေဖန် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, November 15, 2026

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွင်း ဘားဆိုင်များ ပြည့်နေသည့်အပေါ် ဒေသခံများ ဝေဖန်

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်

.

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွင်း ဘားဆိုင်များဖြင့် ပြည့်နှက်နေပြီး ဝင်လမ်းထွက်လမ်း ပိတ်သည်အထိ ဆောက်လုပ်ထားသည့် ဘားဆိုင်များကြောင့် သွားလာရေး အခက်အခဲဖြစ်ပေါ်နိုင်ကြောင်း ဒေသခံများအကြား ဝေဖန်မှုများ ရှိနေသည်ဟု သိရသည်။

.

.

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ ၁၆ ရက်တွင် စတင်ပြုလုပ်သွားမည်ဖြစ်ပြီး နေ့လွှတ်အရုပ်မီးပုံးပျံများမှာ နိုဝင်ဘာလ ၁၃ ရက်ကတည်းက စတင်လွှတ်တင်ယှဉ်ပြိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

.

ပွဲတော်ဖွင့်ပွဲ နီးကပ်လာသည်နှင့်အမျှ မီးပုံးပျံလွှတ်တင်ကွင်း ပတ်လည်နှင့် ပွဲဈေးတစ်လျှောက် ဆိုင်ခန်းများ စတင် ဆောက်လုပ် ဖွင့်လှစ်ရောင်းချနေလျက် ရှိကြောင်း သိရသည်။

.

ထိုသို့ ဖွင့်လှစ်ရောင်းချရာတွင် ပွဲဈေးတန်းတစ်လျှောက် ဘီယာဆိုင်ကြီးများ၊ ဘားဆိုင်ကြီးများကို အများဆုံး မြင်တွေ့ ရပြီး ဆိုင်ကြီးများမှာ လမ်းပိတ်ဆောက်လုပ်ထားသည့်အတွက် သွားလာရေး အခက်အခဲဖြစ်ပေါ်နိုင်သည့်အပြင် ထွက်ပေါက်ပိတ်ကာ အန္တရာယ်ဖြစ်ပွားနိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

“တန်ဆောင်တိုင်ပွဲတော်လား ဘားပွဲတော်လား ဆိုတာ မေးရမလိုပါပဲ။ ပွဲဈေးတစ်ခုလုံးက ဘားဆိုင်တွေ အပြည့်၊ ပွဲတော်ရဲ့ အထင်ကရ နန်းတော်မုခ်ဦးပေါက်အထိ ပိတ်ပြီး ဆောက်ထားကြတော့ လမ်းတွေ ပိုပိတ်ကုန်ပြီး အန္တရာယ် ဖြစ်လာမှာကို စိုးရိမ်ရပါတယ်၊ ကွင်းပတ်လည်မှာလည်း ဘားဆိုင်တွေနဲ့ ပြည့်နေတော့ ပရိသတ်တွေ ထိုင်ကြည့်ဖို့ နေရာ မရှိတော့ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

.

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွင်း အရက်/ဘီယာ ရောင်းချခြင်း၊ သုံးစွဲခြင်း မပြုရန် ပွဲတော်ကျင်းပရေး ဦးစီး ကော်မတီက စည်းကမ်းချက်သတ်မှတ် ထုတ်ပြန်ထားသော်လည်း ပွဲတော်အတွင်း ဘားဆိုင်များဖြင့် ပြည့်နှက်နေ သဖြင့် ပွဲတော်၏ ပုံရိပ်ကို အရုပ်ဆိုးအကျည်းတန်စေကြောင်း ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။

.

ထို့အပြင် ပွဲတော်အတွင်း ဈေးဆိုင်ခန်းများအား တစ်ထပ်ထက် ပိုမိုဆောက်လုပ်ခြင်းမပြုရန် တားမြစ်ထားသော်လည်း ဘားဆိုင်ကြီးများမှာ နှစ်ထပ်ဆောက်လုပ်ထားပြီး ပွဲတော်ကျင်းပရေးဦးစီးကော်မတီက ထုတ်ပြန်ထားသည့် စည်းကမ်း ချက်များကို အလေးမထားရာ ရောက်နေကြောင်း သိရသည်။

.

“တောင်ကြီးတန်ဆောင်တိုင်က အရင်ကဆိုရင်တော့ ရိုးရာပွဲပါ။ အခုက တစ်နှစ်ထက်တစ်နှစ် စီးပွားရေး ဆန်လာ တယ်။ ပွဲတော်ကျင်းပရေးဦးစီးကော်မတီက လေလံချပေး၊ လေလံရတဲ့သူက ဆိုင်ခန်းခတွေ ဈေးတင်ရောင်း၊ အစားအသောက် ရောင်းတဲ့သူတွေက ဈေးတင်ရောင်းနဲ့ ဈေးကြီးတဲ့ တန်ဆောင်တိုင်၊ အရက်ဆိုင်၊ ဘားဆိုင် တန်ဆောင်တိုင် ဖြစ်နေပြီ။ ရိုးရာပွဲတော်ရဲ့ အနှစ်သာရက လုံးဝကို ပျောက်နေပါပြီ” ဟု ကျောင်းကြီးစုရပ်ကွက်‌နေ ဒေသခံတစ်ဦးကလည်း ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။

.

ယခင်နှစ်များက တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံ ပြိုင်ပွဲသည် ပြိုင်ပွဲအနှစ်သာရကို အပြည့်အဝ ခံစားရစေပြီး ရှမ်းပြည်နယ်၏ ရိုးရာများကို အစားအသောက် လက်ဆောင်ပစ္စည်းဆိုင်များမှ ခံစားသိရှိနိုင်သော်လည်း ယခုနှစ်တွင် အရက်ဆိုင် ဘားဆိုင်များကိုသာ ခလုတ်တိုက်မတတ် တွေ့ရှိနေရကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

ယင်းကဲ့သို့ အရက်ဆိုင်၊ ဘားဆိုင်များ များပြားလာသည့်အပြင် တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲနှင့် မသက်ဆိုင်သည့် စတိတ်ရှိုးစင်များ၊ DJ Bar များကြောင့် ပွဲကြည့်ပရိသတ်အတွက် နေရာကျဉ်းမြောင်းနေကြောင်း သိရသည်။

.

“အရက်၊ ဘီယာ မရောင်းရတို့၊ နှစ်ထပ်မဆောက်ရတို့ စည်းကမ်းချက်တွေက စာရွက်ပေါ်မှာပဲ ရှိတာ။ ပွဲတော် ကျင်းပရေး ဦးစီးကော်မတီအနေနဲ့ ရန်ပုံငွေ လိုအပ်တာ မှန်ပေမဲ့ ပွဲတော်ရဲ့ တကယ်အနှစ်သာရဖြစ်တဲ့ မီးပုံးပျံ ပြိုင်ပွဲရဲ့ ရိုးရာ အငွေ့အသက်တွေ မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ လိုတာပေါ့” ဟု အဆိုပါ ဒေသခံက ပြောသည်။

.

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲကို နိုဝင်ဘာလ ၁၆ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ညလွှတ် မီးပုံးပျံ ပြိုင်ပွဲကို နိုဝင်ဘာ ၂၄ ရက်အထိ ပြုလုပ်ကာ နိုဝင်ဘာ ၂၅ ရက်တွင် ဆုပေးပွဲနှင့် ပိတ်ပွဲကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

ပွဲတော်အတွင်း နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့လုံးကျွတ်ဘုံကထိန် လှည့်လည်ပူဇော်ပွဲ၊ မီးပဒေသာ လှည့်လည်ပူဇော် ပြိုင်ပွဲ၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages