.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ယာဉ်ရပ်နားစခန်း လေလံရရှိထားသည့်
လုပ်ငန်း ၄ ခုတွင် မပါဝင်သော ပြင်ပ ယာဉ်ရပ်နားစခန်းများတွင် ရပ်နားခများ ဆက်လက်မြင့်တက်နေလျက်ရှိကြောင်း
သိရသည်။
.
.ယနေ့ နိုဝင်ဘာ ၁၉ ရက်၊ ညပိုင်းအချိန် စုံစမ်းမေးမြန်းချက်များအရ
မီးပုံးပျံကွင်းအနီးရှိ လေလံနှင့် သက်ဆိုင်ခြင်း မရှိသည့် ယာဉ်ရပ်နားစခန်းများတွင်
ဆိုင်ကယ်တစ်စီး လျှင် ၁ သောင်းကျပ်နှင့် ကားတစ်စီးလျှင် ၅ သောင်းအထိ ကောက်ခံနေကြောင်း
သိရပြီး အချို့နေရာများတွင် သိန်းချီ ကောက်ခံမှုများလည်း ရှိနေသည်ဟု သိရသည်။
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ယာဉ်ရပ်နားစခန်း
၄ ခုအတွက် တောင်ကြီးမြို့နေ လုပ်ငန်းရှင် တစ်ဦးက ကျပ်သိန်း ၂၄၁၀ ဖြင့် လေလံအောင်မြင်
ရရှိထားပြီး ယင်းရပ်နားစခန်း ၄ ခုမှာ မီးပုံးပျံလွှတ်တင်ကွင်း ကပ်လျက် ယာဉ်ရပ်နား စခန်း၊
တက္ကသိုလ်အုတ်တံတိုင်းဘေး ယာဉ်ရပ်နားစခန်း၊ သစ်တောာဂိတ် ရထားလမ်းဆုံမှ Royal
Taunggyi Hotel အထိ ယာဉ်ရပ်နားစခန်းနှင့် ဧရာဝတီလမ်းဆုံ ယာဉ်ရပ်နားစန်းတို့ဖြစ်ကြောင်း
သိရသည်။
.
“လေလံနေရာတွေကတော့ သတ်မှတ်နှုန်းထားအတိုင်းပဲ ကောက်ပါတယ်။
တခြားနေရာတွေက ထိန်းလို့မရဘူး။ ၅ သောင်း၊ ၁ သိန်းအထိ ကြားနေရတယ်။ အဲဒီလို ကောက်နေတော့
တရားဝင် လေလံအောင်တဲ့သူက နစ်နာရတယ်” ဟု လေလံအောင် လုပ်ငန်းရှင်က ပြောသည်။
.
အဝေရာမီးပုံးပျံကွင်းအနီးရှိ မြန်မာ့မီးရထားဝင်း
အပါအဝင် အနီးဝန်းကျင် နေရာများတွင် သက်ဆိုင်ရာဌာနများ၊ ပြင်ပ ပုဂ္ဂိုလ်များက ယာဉ်ရပ်နားစခန်း
ဖွင့်လှစ်လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း သိရသည်။
.
စုံစမ်းရရှိထားသည့် အချက်အလက်များအရ မီးရထားဝင်းအတွင်း
ကားတစ်စီးလျှင် ၃ သောင်းကျပ်၊ ဆိုင်ကယ် တစ်စီးလျှင် ၁ သောင်းကျပ် ကောက်ခံနေပြီး မီးပုံးပျံကွင်းအပေါ်
တောင်ကုန်းဘက်ရှိ Keen Bar နောက်ကျောတွင် ကားတစ်စီးလျှင် ၅ သောင်းကျပ်နှင့်
ဆိုင်ကယ်တစ်စီးလျှင် ၁ သောင်းကျပ် ကောက်ခံနေကြောင်း သိရသည်။
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်
ကျင်းပရေးဦးစီးကော်မတီက ယာဉ်ရပ်နားခအဖြစ် ဆိုင်ကယ်တစ်စီးလျှင် ၅၀၀၀ ကျပ်နှင့်
ကားတစ်စီးလျှင် တစ်တန်အောက် ၁၀၀၀၀ ကျပ်၊ တစ်တန်အထက် ကားကြီး ၂၀၀၀၀ ကျပ် ကောက်ခံရန်
သတ်မှတ်ထားသော်လည်း လေလံအောင်မြင်ရရှိထားသူအပြင် အခြားနေရာများတွင် ယာဉ်ရပ်နားစန်းများ
ဖွင့်လှစ်၍ နှုန်းထားအမျိုးမျိုး ကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment