မြန်မာနိုင်ငံတွင် ပါဝင်ဖွဲ့စည်းထားသည့် ပြည်နယ်များအနက် ရှမ်းပြည်နယ်သည် နယ်နိမိတ်အားဖြင့် အကျယ်ဆုံးဖြစ်သလို ဒေသခံ တိုင်းရင်းသားလူမျိုးစုလည်း အများဆုံး ဖြစ်သည်။ ရှေးကာလကြာမြင့်စွာ အချိန်များကပင် ရှမ်းပြည်နယ်ကို အခြေစိုက် နေထိုင်ခဲ့သည့် ထင်ရှားသည့် လူမျိုးစုများ ရှိသကဲ့သို့ မထင်မရှားသော လူမျိုးစုငယ်များလည်း ရှိနေသည်။ ရှမ်း၊ ပအိုဝ်း၊ ပလောင်၊ အင်းသား၊ ဓနု၊ အင်းသား၊ လားဟူ၊ ပဒေါင်(ကယန်း)၊ တောင်ရိုး၊ လီဆူ၊ ကိုးကန့်၊ “ဝ” စသည့် မျိုးနွယ်စုများမှာ ထင်ရှားသကဲ့သို့ ယင်းနက်၊ ယင်းကြား၊ ထနော့ကဲ့သို့ လူသိ မများလှသည့် မထင်မရှား တိုင်းရင်းသား လူမျိုးစုငယ်ကလေးများလည်း နေထိုင်ခဲ့ကြသည်။ အေဒီ ၆၅၀ ကာလခန့်တွင် တရုတ်ပြည်တောင်ပိုင်း၌ နန်ချိုနိုင်ငံတော်ကို တည်ထောင်နိုင်ခဲ့သည်။ အေဒီ ၁၂၅၃ ခုနှစ်ခန့် တွင် ယနေ့ကာလ၌ နေထိုင်နေသည့် ဒေသ များအပြင် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း စသည့်ဒေသများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည့် ရှမ်းပြည်ဒေသအား အထက်မြန်မာနိုင်ငံနှင့် တစ်ပြိုင်တည်း ဗြိတိသျှနယ်ချဲ့တို့က သိမ်းပိုက်ခဲ့သည်။ ဒိုင်အာခီအုပ်ချုပ်ရေး ဗမာပြည်တွင် အတည်ပြုသည့် ၁၉၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်အထိ ရှမ်းပြည်ဒေသကို ဗမာပြည်မဒေသနှင့် အတူ ပူးတွဲအုပ်ချုပ်စေသည်။ မြန်မာ တစ်နိုင်ငံလုံးကို ၁၈၉၇ ခုနှစ်အထိ ဝန်ရှင်တောင် မင်းကြီးချုပ်ဖြင့် အုပ်ချုပ်ခဲ့သည်။ သွေးခွဲ အုပ်ချုပ်ရေးကို အပြည့်အဝအကောင်အထည်ဖော်နိုင်ခဲ့သည်။
.
၁၈၉၇ ခု၊ မေလ ၁ ရက်နေ့မှစ၍ မြန်မာ ပြည်အား အိန္ဒိယပြည်နယ်တစ်နယ် အဆင့်အတန်းအဖြစ် သတ်မှတ်ပြီး လက်ထောက်ဘုရင်ခံ အဆင့်အတန်းဖြင့် အုပ်ချုပ်စေသည်။ ၁၈၉၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဥပဒေပြုကောင်စီကို ဖွဲ့စည်းပေးခဲ့သည်။ ကောင်စီအဖွဲ့ဝင်များကို ဘုရင်ခံက အမည်တင်သွင်းသူကိုသာ ခန့်အပ်ထားသည်။ အဓိက အရေးကြီးသည့် ဘဏ္ဍာရေးအာဏာကို အိန္ဒိယဗဟိုအစိုးရက တိုက်ရိုက်ချုပ်ကိုင်ထားသဖြင့် မြန်မာပြည်၏ ဥပဒေပြု ကောင်စီသည် အာဏာမရှိသလိုဖြစ်နေသည်။ ၁၉၀၉ ခုနှစ်တွင် လက်ထောက်ဘုရင်ခံ ခန့်အပ် သည့် ဥပဒေပြုကောင်စီတွင် အရာရှိမဟုတ်သူများကိုလည်း ထည့်သွင်းခန့်အပ်ခဲ့ရာ ရှမ်းစော်ဘွား တစ်ဦးလည်း ပါဝင်လာသည်။ ၁၉၂၉ ခုနှစ်တွင် ဒိုင်အာခီအုပ်ချုပ်ရေးကို မြန်မာပြည်အား တိုးတက် ပေးအပ်ချထားသည်။ သို့သော် ရှမ်းပြည်အပါအဝင် တောင်တန်းဒေသများသည် “ပါလီမန်အုပ်ချုပ်ရေး စနစ်ကို လက်ခံကျင့်သုံး နိုင်လောက်သည့် နိုင်ငံရေးအားဖြင့် တိုးတက်မှု မရှိသေး” ဟု အကြောင်းပြ ချန်လှပ်ထားခဲ့သည်။ ဗမာပြည်ဥပဒေပြုကောင်စီနှင့်ဝန်ကြီးများ အဖွဲ့ က လက်ဖျားနှင့်မျှ မတို့မိနိုင်သော ချွင်းချန်ထားသော ဒေသများလည်း ရှိသည်။ ထိုဒေသများကို ဘုရင်ခံသည် အတိုင်ပင်ခံဝန်ကြီးများနှင့် တိုက် ရိုက်အုပ်ချုပ်သည်။ ဒေသဆိုင်ရာ ဘုရင်ခံမင်းကြီးများ ခန့်ထားအုပ်ချုပ်သည်။ ထိုသူများသည် ဘုရင်ခံ နီးနီး ထိုဒေသများတွင် တန်ခိုး ထွားကြသည်။ ထိုဒေသများမှာ
(၁) ရှမ်းပြည်ပဒေသရာဇ်နယ်စု
(၂) ချင်းတွင်းနှင့် မြစ်ကြီးနားခရိုင်အတွင်းရှိ နယ်များ
(၃) ချင်းတောင်တန်းခရိုင်
(၄) ကချင်တောင်တန်းဒေသများ
(၅) နာဂတောင်တန်းဒေသများ
(၆) ဟူးကောင်းချိုင့်ဝှမ်းဒေသများ
(၇) တြိဂံဒေသ
(၈) သံလွင်ခရိုင် တို့ ပါဝင်သည်။
.
၁၉၃၃ ခုနှစ် မြန်မာပြည်အက်ဥပဒေအရ “၉၁ ဌာန” အုပ်ချုပ်ရေးကို မြန်မာပြည်သို့ တိုးတက်ပေးခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ဖြစ်သည်။ သို့သော် ချွင်းချန်ထားသော ဒေသများကို ဆက်လက်၍ ချွင်းချန်ခဲ့သည်။ ထို “ချွင်းချန် ထားသော ဒေသများ” အား ဘုရင်ခံက တိုက်ရိုက်အုပ်ချုပ်သည် ဆိုသော်လည်း ကာကွယ်ရေးအတိုင်ပင်ခံ ဝန်ကြီးအား လွှဲအပ်ထားသည်။ ဗမာပြည်မနှင့် ခွဲခြားကာ နယ်ခြားဝန်ထမ်းများ နှင့် အုပ်ချုပ်စေသည်။ ထိုချွင်းချန်ထားသော ဒေသများအားလုံး၏ အကျယ်အဝန်းမှာ မြန်မာ တစ်နိုင်ငံလုံး၏ သုံးပုံတစ်ပုံခန့် ရှိလေသည်။ ရှမ်းပြည်အတွက် ဝန်ရှင်တော် မင်းကြီးတစ်ဦး၊ အရေးပိုင်တစ်ဦး၊ နယ်ပိုင်ဝန်ထောက်ဆယ်ဦး ခန့်ဖြင့် အုပ်ချုပ်ခဲ့သည်။ နယ်ပိုင်ဝန်ထောက်များသည် မိမိတို့ သက်ဆိုင်ရာနယ်မြေအတွင်း ရှိ စော်ဘွားမြို့စား၊ ငွေခွန်မှူးတို့ အုပ်ချုပ် သော ပဒေသရာဇ်နယ်များ၏ အုပ်ချုပ်ရေးကို ကြီးကြပ်ကွပ်ကဲရသည်။ ရှမ်းပြည်လက်စွဲ ဥပဒေတွင်ပါရှိသော ပြဌာန်းချက်များအတိုင်း အုပ်ချုပ်ရသည်။ စော်ဘွားမြို့စား၊ ငွေခွန်မှူးများ သည်လည်း ရှမ်းပြည်လက်စွဲ ဥပဒေများအတိုင်း အုပ်ချုပ်ရသည်။ တရားစီရင်ရန်အတွက် ရှမ်း ပြည်ဓလေ့ ထုံးစံဥပဒေပုဒ်မ (၁၀)ကို စော်ဘွားများ လိုက်နာကျင့်သုံးရသည်။ ပဒေသရာဇ် ကောင်စီကို ဖွဲ့စည်းထားပြီး အင်္ဂလိပ်ဝန်ရှင် တော်မင်းကြီးက ဥက္ကဌ၊ ရှမ်းပြည်မြောက်ပိုင်း အရေးပိုင်က အတွင်းရေးမှူး ဖြစ်ပြီး စော်ဘွား၊ မြို့စား၊ ငွေခွန်မှူးများမှာ ကောင်စီအဖွဲ့ဝင်များ ဖြစ်သည်။ ပဒေသရာဇ်ကောင်စီတွင် စော်ဘွား အပါအဝင် ကျန်ကောင်စီဝင်တို့မှာ လက်ညိုးထောင် ခေါင်းညိတ်သည်ထက် ပို၍ အခြားအခွင့် အရေးဘာမျှ မရရှိခဲ့ပါ။ မျက်နှာဖြူ ဗျူရိုကရက်မင်းများ တင်ပြသည့်အတိုင်း သဘောတူ လက်ခံကြရသည်။
.
နှစ်ပေါင်း တစ်ထောင်ကျော် ကာလအတွင်း ရှမ်းပြည်ဒေသတွင် ကျင့်သုံးလာခဲ့သည်။ ဓလေ့ထုံးစံအရ ပြစ်မှုနှင့် အပြစ်ဒဏ် ပေးခြင်းများကို လွယ်ကူစေရန် ဥပဒေပုဒ်မ(၁၀)ခု ပြုလုပ်ထားခြင်းကို ရှမ်းပြည်ဓလေ့ထုံးစံဥပဒေဟု ခေါ် ကြသည်။ ပဒေသရာဇ်အကြီးအကဲများ အုပ် ချုပ်သော နယ်ပယ်များအတွင်း နေထိုင်သည့် ဒေသခံတိုင်းရင်းသားများဖြစ်မှု တစ်စုံတရာ ကျူးလွန်လျှင် ယင်းဓလေ့ ထုံးစံ ဥပဒေ ပုဒ်မ(၁) ခုနှင့် တရားစီရင်ပေးသည်။ ဗမာအပါအဝင် တိုင်းရင်းသား မဟုတ်သူများ ပြစ်မှုကျူးလွန် လျှင် ဗမာပြည်မမှာကဲ့သို့ပင် အိန္ဒိယ ရာဇသတ်ပုဒ်မဖြင့် တရားစီရင်သည်။ အရေးပိုင်ဝန်ထောက်များ ရုံးထိုင်သည့် တောင်ကြီး၊ ကလော အစရှိသည့် “ကြေညာထားသောဒေသ” တို့တွင်မူကား အိန္ဒိယ ရာဇသတ်ဥပဒေ၊ အိန္ဒိယ ရာဇဝတ်ကျင့်ထုံး ကိုဓဥပဒေ စသည်တို့ကိုသာ အသုံးပြုသည်။ ပဒေသရာဇ်ကောင်စီ ဖွဲ့ပေးရသည့် ထုံးတမ်းကို ပြန်အသက်သွင်းသည့် အနေဖြင့် ဒုတိယကမ္ဘာစစ်ပြီးနောက် ပြန်ဝင်လာသည့် စစ်ပြေး အစိုးရသည် ချွင်းချန်ဒေသ ခေါ် တောင်တန်းဒေသများကို တစ်ဆင့်စီ အုပ် ချုပ်ရေးကို တိုးမြှင့်ပေးရန် နယ်စပ်ဒေသဆိုင်ရာ အုပ်ချုပ်ရေးစည်းမျဉ်းဥပဒေတစ်ခုကို ရေးဆွဲစီစဉ်ထားခဲ့သည်။
.
ထို စည်းမျဉ်းဥပဒေအရ တောင်တန်းဒေသများကို စုပေါင်းပြီး တစ်ပုံစံတည်း အုပ်ချုပ်နိုင်ရန် စီမံခြင်း ဖြစ်သည်။ ချင်းတောင်ဒေသတွင် တောင်အုပ်၊ ကချင်တောင်တန်းဒေသတွင် ဒူးဝါး၊ ကရင်ဒေသတွင် စော်ကဲ၊ ရှမ်းပြည်နယ်တွင် စော်ဘွား၊ မြို့စား၊ ငွေခွန်မှူး စသည်ဖြင့် အမည် အမျိုးမျိုးဖြင့် ခေါ်နေကြရသည့် ပဒေသရာဇ် အကြီးအကဲတို့ကို တစ်ပုံစံတည်း ပြုလုပ် ဖန်တီးကာ အဆင့်အတန်း သတ်မှတ်ပေးရန် ရည်ရွယ်သည်။ ရွာအကြီးအကဲ၊ တိုက် နယ် အကြီးအကဲ၊ နယ်အကြီးအကဲ စသည်ဖြင့် ခွဲခြားပြီး သက်ဆိုင်ရာ ပဒေသရာဇ် အဆောင်အယောင် အမှတ်တံဆိပ်တို့ကို သတ်မှတ်ပေးရန် ဖြစ်သည်။ အုပ်ချုပ်ရေးတိုးတက်ပေးသည်ဟု ဆိုရာတွင် မူလပဒေသရာဇ်အုပ်ချုပ်ရေးကို အခြေခံမှစ၍ ပြောင်းပေးခြင်း မဟုတ်၊ တိုက်နယ်ကောင်စီ စသည့် အတိုင်ပင် ကောင်စီများ ခန့်အပ် အုပ်ချုပ်စေခြင်းမျှသာ နယ်စပ်ဒေသ များ အုပ်ချုပ်ရေးဌာန တစ်ခုကို ဖွင့်လှစ်ကာ တောင်တန်းညွှန်ကြားရေးဝန် တစ်ဦး၊ လက်ထောက်ညွှန်ကြားရေးဝန် နှစ်ဦးတို့ဖြင့် အုပ်ချုပ်စေသည်။ ထိုစည်းမျဉ်း၏ အဓိက ရည်ရွယ်ချက်မှာ နယ်ချဲ့အုပ်ချုပ်ရေး တည်တံ့ခိုင်မြဲနေစေရန် ဖြစ်သည်။ သို့သော်လည်း ဗြိတိသျှတို့အား အစဉ်အမြဲ သစ္စာတော် ခံလာသည့် ရှမ်းစော်ဘွား တချို့ကလည်း ရှမ်းပြည်နှင့် ဗမာပြည်မကို ခွဲခြားအုပ်ချုပ်သည့်မူကို လက်ခံကြသော်လည်း အကြံပေးကောင်စီများဖြင့် အုပ်ချုပ်ရသည့်မူကို သဘောမကျကြပါ။
.
ပဒေသရာဇ် အကြီးအကဲများသည် နယ်သူ နယ်သားများကို “စေ”တစ်လုံးဖြင့် အုပ်ချုပ်ခဲ့သည်နှင့် နှိုင်းယှဉ်သော် ရွေးချယ်ခန့်ထားသည့် “အတိုင်ပင်ခံကောင်စီ” များနှင့် အုပ်ချုပ်ခြင်းသည် တဆင့် တိုးတက်လာသည်ဟု ယူဆရမလိုဖြစ်နေသော်လည်း မူလရည်ရွယ်ချက်မှာ နယ်ချဲ့အုပ်ချုပ်ရေး တည်တံ့ခိုင်မြဲရန်သာဖြစ်သည်။ စစ်ကြီးအတွင်း တိုးတက်လာသည့် တိုင်းရင်းသားများနှင့် ဗမာတို့အကြား သွေးခွဲ အုပ်ချုပ်ရန်နှင့် မလွဲမရှောင်သာ၍ မြန်မာပြည်အား အုပ်ချုပ်ရေးတဆင့် တိုးပေးရသော် သို့မ ဟုတ် လုံးဝ လွတ်လပ်ရေး ပေးလိုက်ရသော် တောင်တန်းဒေသများကို စုစည်းချန်လှပ်ထားခဲ့ရန် စီစဉ်ထားသည်။ ထို့အပြင် စော်ဘွားများကလည်း အကြံပေးကောင်စီများ ဖွဲ့ပေးရသောကြောင့် မိမိတို့၏ ပဒေသရာဇ်သြဇာ တန်ခိုးအာဏာများ မှေးမှိန်လျော့ပါးစေသည်ဟု ယူဆနေကြသည်။ နယ်ချဲ့တို့အား ဗြောင်မကန့်ကွက်ရဲ ဝံ့သောကြောင့် စော်ဘွားများက အတိုင်ပင် ကောင်စီကို နာမည်ခံရုံအဆင့်လောက်သာ ဦးဆောင်ဖွဲ့စည်းပေးခဲ့သည်။ ကောင်စီဝင်လူကြီးများ ခန့်ထားရာတွင်လည်း မိမိတို့အား အစဉ်အမြဲ ထောက်ခံနေသူများ၊ ခေါင်းညိတ်နေသူ များသာ ရွေးချယ်ခန့်ထား တာဝန်ပေးခဲ့သည်။ ထို့အပြင် ချင်းတောင်အုပ်၊ ကချင်ဒူးဝါးတို့လို မိမိတို့ထက် အဆင့်နိမ့်သူများနှင့် ပဒေသရာဇ် အကြီးအကဲဖြစ်သည်ဟုဆိုကာ ရောမွှေပြီး အဆင့်အတန်းသတ်မှတ်ပေးခြင်းကိုလည်း ရှမ်း စော်ဘွားတချို့က မနှစ်သက်နိုင် ဖြစ်ခဲ့ရသည်။ ၁၉၄၇ ဖေဖော်ဝါရီလ ပင်လုံစာချုပ်ကြီးပေါ် ထွက်လာခဲ့သည့်အချိန်အထိ “နယ်စပ်ဒေသများ အုပ်ချုပ်ရေး စည်းမျဉ်းဥပဒေ”ကို အကောင်အထည် မဖော်နိုင်ခဲ့ပေ။ တိုးတက်လာသည့် စော်ဘွားများနှင့် ပြည်သူများက အောင်ပွဲခံသွား ခြင်းဖြစ်သည်။
.
ဗြိတိသျှတို့ မြန်မာနိုင်ငံသို့ ပေးအပ်ခဲ့သည့် ဒိုင်အာခီအုပ်ချုပ်ရေးကို မြန်မာပြည်သူလူထုက မထောက်ခံရုံသာမက အစိုးရဆန့်ကျင့်ရေး၊ လူထုအုံကြွမှုများ ဖြစ်ပေါ်လာနိုင်သည့် လက္ခဏာတို့ ဖြစ်ပေါ်လာသဖြင့် ဒိုင်အာခီအုပ်ချုပ်ရေးကို ထပ်မံစစ်ဆေးရန် ဆိုင်မွန်ကော်မရှင်ကို ဖွဲ့စည်း ပေးခဲ့သည်။ ကော်မရှင်မှ တင်သွင်းသည့် အစီရင်ခံစာ၏ အလိုအရ မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံ ခွဲထုတ်ပြီးအိန္ဒိယပြည်နယ် တစ်ခု၏ အုပ်ချုပ်ရေးထက် အဆင့်မနိမ့်သော အုပ်ချုပ်ရေးမျိုး ကို တီထွင်ပေးရမည်ဟု ဖော်ပြထားသည်။ ထို အစီရင်ခံစာ ထွက်လာပြီးနောက် မြန်မာနိုင်ငံ တွင် အိန္ဒိယနှင့် ကွဲရေးခွဲရေ းပြဿနာသည် ရှေ့တန်း ရောက်လာသည်။ နောက်ဆုံးတွင် အိန္ဒိယနှင့် ကွဲလိုသည်၊ ခွဲလိုသည်တို့ကို မျက်နှာစုံညီ အစည်းအဝေးပွဲများ၊ ရွေးကောက်ပွဲများ ကျင်းပ၍ နိုင်ငံသားတို့၏ သဘောထားကို ရယူရန် ဆုံးဖြတ်သည်၊ ဤသို့ဖြင့် ၁၉၃၀ မှ ၁၉၃၂ ခုနှစ် ကာလအတွင်း မျက်နှာစုံညီအစည်းအဝေးပွဲများကို လန်ဒန်၌ ကျင်းပနိုင်ခဲ့သည်။ ကွဲရေး၊ ခွဲရေး ဆွေးနွေးရန်အတွက် လန်ဒန်၌ ညှိနှိုင်းဆွေးနွေးပွဲတက်ရန် ကိုယ်စားလှယ်အဖြစ် မြန်မာပြည်မမှ ကိုယ်စားလှယ် ၂၁ ဦးရွေးချယ်သည်။ သို့သော် ရှမ်းပြည်ကိုယ်စားပြုကိုယ်စားလှယ် တစ်ဦးမှ မပါဝင်ခဲ့ပါ။ စော်ဘွားများက အရေးဆိုကြတော့မှ ကိုယ်စားလှယ်အဖွဲ့ကို ဗြိတိန်နိုင်ငံသို့ စေလွှတ်ပြီး သဘောထားအမြင် ကို တင်ပြခွင့်ပြုသည်။ ညောင်ရွှေစော်ဘွားနှင့် သီပေါစော်ဘွား နှစ်ဦးတက်ရောက်တင်ပြခွင့်ပြုသည်။ ထိုသို့ အောင်မြင်မှု ရသည့် စက်တင်ဘာ လ ၇ ရက်နေ့ကို ရှမ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။
.
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် နာမည်ကျော် ပင်လုံစာချုပ်တွင် ပါဝင်ရေးအတွက် စော်ဘွားများနှင့် လူထုကိုယ်စားလှယ်တို့ အကြိတ်အနယ် ဆွေးနွေးပြီး အခက်အခဲ အတားအဆီးများကို ကျော်ဖြတ်ကာ စော်ဘွားများနှင့် လူထု ပူးပေါင်းနိုင်ခဲ့သည်။ ထိုသို့စော် ဘွားနှင့် လူထုကိုယ်စားလှယ်တို့ ညီညွတ်မှုကို တည်ဆောက်နိုင်ခဲ့ခြင်း၊ အုပ်ချုပ်သူ စော်ဘွားများနှင့် အုပ်ချုပ်ခံ ပြည်သူများ အကြား နားလည်ချစ်ခင်မှုကို တည်ဆောက်နိုင်ခဲ့၍ ယခင် သတ်မှတ်ခဲ့သည့် စက်တင်ဘာ ၇ ရက်အစား ဖေဖော်ဝါရီ ၇ ရက်နေ့ကို ရှမ်းအမျိုးသားနေ့ဟု သတ်မှတ်လိုက်ကြသည်။ ၁၉၆၂ ခုနှစ် နောက်ပိုင်းကာလများတွင် ရှမ်းပြည်တွင် အခြားသော တိုင်းရင်းသား လူမျိုးစုများလည်း စုပေါင်းနေထိုင်ကြသဖြင့် တိုင်းရင်းသား အပေါင်းကို ဂုဏ်ပြုသည့်အနေဖြင့် ရှမ်းပြည်နယ်နေ့ဟု ဖေဖော်ဝါရီ ၇ ရက်နေ့ကို သတ်မှတ်ခဲ့ကြသည်။ လူ တန်းစားအလွှာအသီးသီး၊ တိုင်းရင်းသားအပေါင်းတို့ သွေးစည်းရန် နားလည်မှုများ စတင် နိုင်ခဲ့သည့်နေ့ဖြစ်၍ ကမ္ဘာတည်အောင်အဓွန့် ရှည်နေဦးမည်ဟု ယုံကြည်မိပါသည်။
.
ရှမ်းပြည်နယ်နေ့သည် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာစေသည့် တွန်းအားတစ်ရပ် ဖြစ်ခဲ့သည် မဟုတ်ပါလား။


No comments:
Post a Comment