.
၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်း
ဆောင်ရွက်လျက်ရှိသည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံအသစ်ကြောင့် နမ့်ခုတ်မြစ်ရေ
ညစ်ညမ်းမှု ပိုမိုဆိုးရွားလာနေသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်-SHRF က ထုတ်ပြန်ထားသည်။
.
.မိုင်းဆတ်မြို့ တောင်ဘက် ၁၀ ကီလိုမီတာအကွာရှိ ယခင်
UWSA တောင်ပိုင်းဌာနချုပ်အဖြစ် ဖွင့်လှစ်ခဲ့သည့် ဝမ်ဟုန်ကျေးရွာအုပ်စု၊
နမ့်ခုတ်မြစ် တစ်ဘက်ကမ်းရှိ အဆိုပါ လျှပ်စစ်ဓါတ်အားပေးစက်ရုံကို UWSA “ဝ” တပ်ဖွဲ့က ပိုင်ဆိုင်ပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် စက်ရုံ စတင်လည်ပတ်နေခြင်းဖြစ်ကြောင်း
SHRF ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
စီမံကိန်းဖော် ဆောင်သည့် ကုမ္ပဏီမှာ
၀မ်ဟုန်နေထရယ်လ်အင်နာဂျီ ကုမ္ပဏီ (Wan Hong Natural Energy Co. Ltd) ဖြစ်ပြီး လျှပ် စစ် ဓာတ်အားမဂ္ဂါဝပ် ၃၀ ထုတ်လုပ်နိုင်ရန် လျာထားကာ
ထိုမှတစ်ဆင့် ဝမ်ဟုန် ကို ဖြတ်၍ တာချီလိတ်မြို့သို့ လျှပ်စစ်ဓာတ်အား
ပေးပို့ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း သိရသည်။
.
“ဒီဒေသမှာ မြေရှား၊ ရွှေပေါ့နော်။ အခု ကျောက်မီးသွေးစက်ရုံ
ထပ်လာပေါင်းလိုက်တော့ ဒီဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးက အရမ်းစိုးရိမ်ဖို့ကောင်းတယ်။
ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံဆိုတာ ဖြစ်သလို လည်ပတ်လို့မရဘူး။ ဒီလို
ပွင့်လင်းမြင်သာမှုမရှိဘဲနဲ့ လုပ်နေတယ်ဆိုတာက ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စပါ။ ကျွန်မတို့အနေနဲ့
ကန့်ကွက်တယ်။ သက်ဆိုင်တဲ့ သူတွေအနေနဲ့လည်း ဒီကိစ္စကို သေချာလေး စုံစမ်းစိစစ်ပြီးတော့မှ
လုပ်သင့်လုပ်ထိုက်တာတွေလုပ်ဖို့ တောင်းဆိုချင်ပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်-SHRF မှ ယိင်းလျန်းဟန် က ပြောသည်။
.
စက်ရုံအတွက် ကျောက်မီးသွေးကို
လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ အနောက်တောင်ဘက် ၃၅ ကီလိုမီတာ အကွာရှိ မိုင်းတုံမြို့နယ်
အရှေ့ဘက် မဲကင်ကျေးရွာအုပ်စု၊ နားပါကော်ကျေးရွာအနီးရှိ ဟင်းလင်းပွင့် (open-pit)
ကျောက်မီးသွေးတွင်းအသစ်မှ ရယူခြင်းဖြစ်ကြောင်း သိရသည်။
.
မိုင်းတွင်းအောက်ဘက်ရှိ မဲကင်ချောင်းတစ်လျှောက်တွင်
နေထိုင်သော ဒေသခံများသည် ထိုရေကို အသုံးပြုခြင်းကြောင့် ယားနာများဖြစ်ပွားလာပြီး
ငါးများလည်း စတင်သေဆုံးနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ကျောက်မီးသွေးလောင်ကျွမ်းရာမှ ထွက်ရှိလာသည့်
ဆာလဖာဒိုင်အောက်ဆိုဒ်၊ နိုက်ထရိုဂျင်အောက်ဆိုဒ်နှင့် အမှုန်အမွှားများ (သတ္တုများ
အပါအဝင်) ပါဝင်သည့် အဆိပ်သင့်ဓာတ်ငွေ့များသည် ဒေသခံများ၏ အသက်
ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို တိုက်ရိုက်ထိခိုက်စေမည့်အပြင်
အက်ဆစ်မိုးကိုလည်း ရွာသွန်းစေနိုင် သဖြင့် ကီလိုမီတာ ၈၀ ပတ်လည်အတွင်းရှိ
စိုက်ပျိုးရေးလုပ်ငန်းများကို ခြိမ်းခြောက် လျက်ရှိကြောင်း SHRF က ဆိုသည်။
.
အဆိုပါ ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံနှင့်
ပတ်သက်၍ Wa Land News ကမူ စက်ရုံကို တရားဝင် ခွင့်ပြုချက်အရ လုပ်ဆောင်ခြင်း
ဖြစ်ပြီး သက်ဆိုင်ရာအစိုးရအဖွဲ့မှလည်း လစဉ် လာရောက်စစ်ဆေးကာ စနစ်တကျ လည်ပတ်လျက် ရှိကြောင်း
ထုတ်ပြန်ထားသည်။
.
UWSA “ဝ” တပ်ပြောခွင့်ရ တာဝန်ခံ ဦးညီရန်းက “တရားဝင်ခွင့်ပြုချက်ရရှိပြီး
လုပ်ဆောင်တာဖြစ်တယ်။ သက်ဆိုင်ရာ အစိုးရအဖွဲ့မှလည်း တစ်လတစ်ခါ လာရောက်စစ်ဆေးမှု
ပြုလုပ်ပါတယ်။ မည်သည့် ညစ်ညမ်း ရေမှ စွန့်ထုတ်တာမျိုး မရှိပါဘူး။
အဓိကအနီးနားမှာရှိနေတဲ့ ပြည်သူတွေကို ဘယ်အထိအခိုက်ခံမလဲနော်။ စနစ်တကျ၊ စည်းကမ်းရှိရှိနဲ့
လည်ပတ်မှုပြုလုပ်နေပါတယ်” ဟု Wa Land News သို့ ဖြေကြားထားသည်။
.
၂၀၀၀ ပြည့်နှစ်ခန့်ကလည်း UWSA ၏ ဟုန်ပန်း (Hong Pang) ကုမ္ပဏီသည် တာချီလိတ်မြို့
မြောက်ဘက် တွင် ၁၂ မဂ္ဂါဝပ်ထွက် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ
တစ်ရုံတည်ဆောက်ရန် စီစဉ်ခဲ့သော်လည်း ၂၀၀၁ ခုနှစ် ဧပြီလတွင် အနီးကပ်တည်ရှိသော
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ဒေသခံများက တရုတ်နိုင်ငံထုတ် တည်ဆောက်ရေးပစ္စည်းများ
တင်ဆောင်လာသည့် ကားများကို ထိုင်းနိုင်ငံအတွင်းမှ ဖြတ်သန်းခွင့်မပြုဘဲ
လူကိုယ်တိုင် ပိတ်ဆို့ကန့်ကွက်ခဲ့သဖြင့် အဆိုပါ စက်ရုံစီမံကိန်းကို ဖျက်သိမ်းခဲ့ရဖူးသည်။
.
Source - SHRF / Wa Land News
.



No comments:
Post a Comment