တာကော်-မိုင်းပျဉ်းလမ်း ပြင်ဆင်ရန် လိုအပ်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Saturday, April 11, 2026

တာကော်-မိုင်းပျဉ်းလမ်း ပြင်ဆင်ရန် လိုအပ်နေ



ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာကော် - မိုင်းပျဉ်းလမ်းမှာ ဆိုးရွားစွာ ပျက်စီးနေသည့်အတွက် ယာဉ် သွားလာမှု အဆင်ပြေချောမွေ့စေရေး ပြင်ဆင်ဆောင်ရွက်ပေးရန် လိုအပ်နေသည်ဟု ယင်းလမ်းကို အသုံးပြုနေသူများ ထံက သိရသည်။

.

အဆိုပါ တာကော်-မိုင်းပျဉ်း လမ်းပိုင်းသည် ယာဉ်များ သွားလာရေးအတွက် ခက်ခဲလျက် ရှိပြီး မိုးရာသီကဲ့သို့သော အချိန်များတွင် တောင်ပြိုခြင်း၊ လမ်းပခုံးသားများ ရေတိုက်စား ပျက်စီးခြင်းနှင့် ဘေးအန္တရာယ် ကင်းသော ယာဉ်မောင်းနှင် သွားလာနိုင်သည့် လမ်းအူကြောင်းကို မမြင်တွေ့နိုင်ခြင်းတို့ ဖြစ်ပေါ်နေလျက် ရှိကြောင်း သိရသည်။

.

တောင်ကြီးဘက်ကနေ ကားစီးလာရင် တာကော်တံတားကို ကျော်တာနဲ့ ဘုရား နေရတယ်။ တာကော် တံတားထိပ်ထိ သံလွင်မြစ်ရဲ့ အနောက်ခြမ်းမှာကြတော့ လမ်းက ဖြူးနေတာပဲ။ တာကော်နဲ့ မိုင်းပျဉ်းကြားမှာ အဆိုးဆုံး ဖြစ်နေတယ်။ ကားပျက်၊ လမ်းပိတ်နဲ့ လမ်းမှာ ညအိပ်ရရင် စားခ၊ အိပ်ခ စရိတ် ပိုကုန်ရတယ်” ဟု အဆိုပါလမ်းပိုင်းတွင် မကြာခဏ ခရီးသွားလာနေသူ တစ်ဦးက ပြောသည်။

.

ထို့အတူ အငြိမ်းစား လမ်းအင်ဂျင်နီယာ တစ်ဦးကလည်း “အဓိက ကတော့ ရှမ်းပြည်နယ် အစိုးရ ရန်ပုံငွေက ဖြစ်စေ၊ ပြည်ထောင်စုအစိုးရ ဘတ်ဂျက်ကဖြစ်စေ ရင်တော့ အဆင်ပြေနိုင်ပါတယ်။ စက်သုံးဆီစရိတ်နဲ့ ဒေသပေါက်ဈေး အလုပ်သမားစရိတ်စက တွေလည်း ရှိလို့ ဖိဖိစီးစီး လုပ်နိုင်မှပဲ ဒီလမ်းက အဆင်ပြေပြေ ဖြစ်နိုင်မယ်” ဟု ၎င်း၏အမြင်ကို ပြောသည်။

.

အဆိုပါ လမ်းပိုင်းသည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့ကို ဆက်သွယ်ပေးထားသည့် တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမပေါ်ရှိ အရေးပါသည့် လမ်းပိုင်းတစ်ခု ဖြစ်ပြီး ရှမ်းမြောက် ဒေသတွင် ဖြစ်ပွားခဲ့သည့် စစ်ရေး ပဋိပက္ခများကြောင့် လမ်းပိတ်ထားသည့် အချိန်မှစ၍ တရုတ်-မြန်မာ ကုန်သွယ်ရေးတွင် အရေးပါသည့်လမ်း တစ်ခု ဖြစ်လာခဲ့သည်။

.

ယင်းလမ်းပိုင်းပေါ်တွင် ကုန်တင်ယာဉ်ကြီးများနှင့် ယာဉ်မျိုးစုံ နေ့စဉ်ဖြတ်သန်းသွားလာလျက် ရှိပြီး နယ်မြေ ဒေသ တည်ငြိမ်အေးချမ်းမှု အားသာချက်ကြောင့် ရွှေ့ပြောင်းလုပ်သားများနှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားများ၊ အလုပ်သမားများ သွားလာမှု များပြားသဖြင့် ယာဉ်အသွားအလာ ရှုပ်ထွေးများပြားသည့် လမ်းဖြစ်ကြောင်း သိရသည်။

.

#KBZTai #Shan #MongPyin

.

No comments:

Post a Comment

Pages