ဝှီးတက် ပါတဲ့ သူခိုးကြိုက် ဆိုင်ကယ်များ (ဆောင်းပါး) - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Saturday, April 11, 2026

ဝှီးတက် ပါတဲ့ သူခိုးကြိုက် ဆိုင်ကယ်များ (ဆောင်းပါး)

 


ရေကန်အသင့် ကြာအသင့်ဆိုတဲ့ မြန်မာဆိုရိုးစကား ရှိတယ်။ အဲဒီဆိုရိုးစကားက လက်ရှိကာလ အရပ်တကာလှည့်ပြီး ဆိုင်ကယ်ခိုးနေတဲ့ သကောင့်သားများအတွက်ဆို ထားလေခဲ့သလား မပြောတတ်။ အရင်က ဆိုင်ကယ် ခိုးယူခံကြပြီဆိုရင်ဆို င်ကယ်ချည်း သီးသန့်။ အခုကြတော့ဆို င်ကယ်ခိုးကြပြီ ဆိုတာနဲ့ စက်သုံးဆီထုတ်ဖို့ ယာဉ်သက်သေခံ ကတ်ပြား ဝှီးတက်လေးကပါ အရံသင့်။

.

စက်သုံးဆီဂယက် ကြီးမားပုံက လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေ ဓာတ်ဆီ ရနိုင်ဖို့ ခက်ခဲသွားလိုက်တာ ၃၇ မင်း စုပေါင်းပြီးလည်း မကယ်နိုင်။ သိဒ္ဓိအဖုံဖုံ ရနေတဲ့ ရှိရှိသမျှသော အဘတွေလည်း မတတ်နိုင်တဲ့ အနေအထား။ လိုင်စင်ရှိရင် ဓာတ်ဆီ ရမယ်။ မရှိတဲ့မောင်တွေ အနားတောင် သီခွင့်မရ။ စက်သုံးဆီဆိုင် ပိုင်ရှင်ကြီးများ ချေမိုးသွားလိုက်ကြတာ လက်ဖျားတောင် ခါမိပါရဲ့။ အစိုးရတော်မူတဲ့ ပုဂ္ဂိုလ်များက လိုင်စင်မရှိ မရောင်းရဆိုမှတော့ ချေခွင့်မိုးခွင့် ရကြပေမပေါ့။

.

ပုံမှန်အားဖြင့် ဆိုင်ကယ်မောင်းနှင်သူ ဆိုင်ကယ်ပိုင်ရှင်တွေက ဝှီးတက်လို့ခေါ်တဲ့ ယာဉ်သက်သေခံ မှတ်ပုံတင်ကတ်ပြားကို အိမ်မှာ သိမ်းထားကြတာ များပါတယ်။ တချို့ကြတော့ မိတ္တူကူး ကတ်လောင်းပြီး ဆောင်ထားတတ်ကြတယ်။ မူရင်းအစစ်ကို လုံလုံခြုံခြုံ သိမ်းဆည်းထားတတ်ကြတာ ခပ်များများ။ အဲဒီလောက်နဲ့ လမ်းမပေါ်သွားရင် လုံလောက်ခဲ့ကြတာမျိုး မဟုတ်ပါလား။

.

အခုကြတော့ လိုင်စင်ရှိတဲ့ ဆိုင်ကယ် မှန်သမျှ အပြင် ထွက်ကြပြီဆိုတာနဲ့ ဝှီးတက်ကတ်ပြား အစစ်အမှန်ကို ဆောင်ပြီး ထွက်ကြရတယ်။ ဒီမူရင်းကတ်ပြားလေး ပါမှသာ စီးနေတဲ့ ဆိုင်ကယ် လိုရာခရီး ရောက်နိုင်မှာ ဖြစ်ပြီး စက်သုံးဆီ ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ ဝှီးတက်ကတ်ပြားလေး ရှိရင် တစ်ပတ်ကို ၂ ကြိမ် တစ်ကြိမ်ကို ၄ လီတာနှုန်းနဲ့ စက်သုံးဆီ ရောင်းချပေးမယ်လို့ ဆိုကြပါတယ်။ သာမန်လူတိုင်း စီးနေတဲ့ အိမ်သုံးဆိုင်ကယ်တစ်စီးရဲ့ ဆီတိုင်ကီ ၄ လီတာ မဆန့်တော့ ဆီတန်းရင်း တိုင်ပတ်နေတာလည်း ဒုက္ခတစ်ပါး။

.

လိုင်စင်ရှိ ဆိုင်ကယ်ပိုင်ရှင်တွေ အဖြစ်က ဝှီးတက်ကတ်ပြား ကိုင်ပြီး နေပူကျဲတောက် ဆီတိုးရတဲ့ဒုက္ခ လက်၀ယ်ပိုင်ပိုင် ဆုပ်ကိုင်ကြရတာ တစ်မျိုး။ လိုင်စင်ရှိ ဆိုင်ကယ်လေး မအေဘေး သူခိုးများ လက်ထဲ ပါသွားမှာ ကြောင့်ကြရတာ တစ်ဖုံ။ ဝှီးတက်ကတ်ပြားနဲ့ ဆိုင်ကယ်လေး ပါသွားလို့ကတော့ နောက်ကနေ ဆီထုတ်ဖို့ ပိုက်ဆံလေး အပိုဆောင်း လိုက်ပေးရမယ့်အတိုင်း။ ပါသွားလို့ကတော့ ပြန်ရဖို့ ဆိုတာ အိပ်မက်တောင် မက်ခွင့် မရှိ။

.

လတ်တလောမှာလည်း ဆိုင်ကယ်ခိုး ယူခံရမှု သတင်းတွေက နေ့စဉ်လို ကြားသိနေရတယ်။ အိမ်ရှေ့မှာ ခဏလေး ရပ်ထားတုန်း ခိုးယူခံလိုက်ရတယ်။ ဈေးဆိုင်‌ရှေ့ ရပ်ထားတုန်း ပြန်ထွက်လာတော့ ချွေးနဲစာ ဆိုင်ကယ်လေး မရှိတော့ ခိုးယူခံရတဲ့ ဆိုင်ကယ်တွေ ကြည့်လိုက်ရင် တန်ဖိုးကြီး မျိုးကောင်းမျိုးသန့်တွေချည်း။ ခပ်ချာချာ တစ်ရက်စုပ်တွေတောင် မပါသလောက်ရယ်။

.

တန်ဖိုးကြီး ဆိုင်ကယ်အများစုက တရား၀င်လိုင်စင်ရှိ အုံနာဘုတ် ဝှီးတက်လေးတွေနဲ့လို့ ဆိုကြတယ်။ အုံနာဘုတ်ဆိုတဲ့ ပိုင်ဆိုင်ကြောင်းစာအုပ်က မီးခံသေတ္တာထဲ ထည့်ထားလို့ ရပေမယ့် လက်ရှိ စက်သုံးဆီ အကြပ်အတည်းကြောင့် ဝှီးတက်ကတ်ပြားက သွားလေရာ မပါမဖြစ်။ ၂ ခါကျတဲ့ အလှည့်ကို လမ်းကြုံရင် ဆီ၀င်တန်းကြရတာ။ အချိန်ကုန် လူပန်း ဆီတန်းတဲ့ အလုပ်ကို အချိန်ပေးလုပ်နိုင်တဲ့ လူတန်းစား ဆိုတာကလည်း ဒီနိုင်ငံမှာ ခပ်ရှားရှား။

.

ဆိုင်ကယ်နဲ့ ဝှီးတက်ကို အရိပ်ပမာ မခွဲခွာ ပေါင်းစပ်ပေးထားကြရတဲ့ အခြေေအနေမျိုးဆိုတော့ သူခိုးများက စိတ်ကြိုက်ကို ဖြစ်လို့။ ဆိုင်ကယ်လေး ခိုးပြီး စီးသွား ဝှီးတက်လေး ပါနေတော့ သူခိုးလို့ ပြောရမှာတောင် ခပ် ခက်ခက်။ ဒီလိုအခြေအနေကို အခွင့်ကောင်း ယူပြီး မိုးရွာတုန်း ရေခံ ဆိုသလို သူခိုးများ ကြိုးစားလိုက်ကြပုံက ပျောက်လိုက်တဲ့ ဆိုင်ကယ်တွေဆိုတာ မနည်းမနော။

.

ဝှီးတက်လေး ချိတ်ထားတဲ့ ဆိုင်ကယ် ခိုးယူခံရလို့ ပျောက်ပြီဆိုလို့ကတော့ အုံနာဘုတ် စာအုပ် လက် ထဲရှိနေလည်း အဲဒီစာအုပ်ဘုရားစင်ပေါ် တင်ထားရုံက လွဲလို့ ဘာမှ မတတ်နိုင်တော့ဘူး။ ပိုင်ဆိုင်ကြောင်း အုံနာဘုတ် ရှိပြီး သက်တမ်း မရှိလို့ဆိုတဲ့ တံဆိပ်နဲ့ ဆီထုတ်မရတော့တဲ့ ဆိုင်ကယ်တွေ တစ်ပုံကြီး။

.

အဲဒီတော့ သူခိုးရန် မအေဘေးများ လက်က ဝေးအောင် လိုင်စင်ရှိ ဆိုင်ကယ်ပိုင်ရှင်များ အနေနဲ့ ကိုယ့်ဆိုင်ကယ် လုံခြုံရေးကို အထူးသတိပြုဖို့ လိုအပ်ပါတယ်။ ယာဉ်သက်သေခံ ကတ်ပြား ဝှီးတက်ကို ဆိုင်ကယ်မှာ တွဲထားခြင်းထက် ကိုယ်နဲ့မကွာ ဆောင် ထားတာက ပိုသင့်တော်တယ်လို့ ထင်မြင်မိပါတယ်။

ဝှီးတက်နဲ့ ဆိုင်ကယ် တစ်တွဲတည်း ခိုးယူခံလိုက်ရရင် ရေစက်ခွက်လေး ကိုင်ရမယ့် အနေအထားမျိုး ဖြစ်တဲ့အတွက် သူခိုးကြိုက် ဝှီးတက်ပါ လိုင်စင်ဆိုင်ကယ် ပိုင်ရှင်များအနေနဲ့ သတိပြုဖို့ လိုအပ်နေပါကြောင်း။

.

No comments:

Post a Comment

Pages