ရှမ်းတို့ရိုးရာ ကျိုင်းတုံသင်္ကြန် စည်တော်တင်ပွဲ၊ ပို့ဆောင်ပွဲ (ဆောင်းပါး) - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Saturday, April 11, 2026

ရှမ်းတို့ရိုးရာ ကျိုင်းတုံသင်္ကြန် စည်တော်တင်ပွဲ၊ ပို့ဆောင်ပွဲ (ဆောင်းပါး)

.

တုံဂပူရီ ခေါ် ခေမာရဋ္ဌ်အမည်တွင်သည့် ရှမ်းပြည်အရှေ့ပိုင်းမြို့တော် ကျိုင်းတုံတွင် နှစ်စဉ် သင်္ကြန်ကာလ ရောက်တိုင်း ပြုမြဲရိုးရာ ဓလေ့ထုံးတမ်းတစ် ခုရှိသည်။

.

.

ယင်းမှာ “နန္ဒဘေရီ” အမည်ရှိ ဆုတောင်းပြည့် စည်တော်ကို တီးခတ်၍ ရာသီဥတုကောင်းမွန်စေရန်နှင့် သီးနှံများ ဖွံ့ဖြိုးတိုးတက်စေရန် မှအစ နယ်မြေဒေသတစ်ခုလုံး အေးငြိမ်းစေကြောင်း ဆုတောင်း၍ မြို့လုံးကျွတ်ပါဝင် ရေကစားသည့် အစဉ်အလာဖြစ်သည်။

.

နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပနေကျ စည်တော်တင်ပွဲ၊ သိကြားမင်းပူဇော်ပွဲနှင့် မိုးခေါ်ဖားရုပ်တု ရေချပွဲတို့ကို ယမန်နှစ် ၂၀၂၅ ခုနှစ် သင်္ကြန်ကာလက စစ်ကိုင်းငလျင်ကြီးကြောင့် အသက်အိုးအိမ်များ ပျက်သုဉ်းကြရသူများအား စာနာသောအားဖြင့် အကျဉ်းရုံး ပြုလုပ်ခဲ့ကြရရာ ယခုနှစ်တွင်တော့ ယခင်နှစ်များကဲ့သို့ စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မည်ဖြစ်သည်။

.

သို့သော် စက်သုံးဆီအခက်အခဲကြောင့် လမ်းလျှောက်သင်္ကြန်အဖြစ်ပြောင်းလဲပြုလုပ်ရာတွင် သနပ်ခါး သင်္ကြန်၊ ကော်ဖီသင်္ကြန်၊ ထမနဲသင်္ကြန်စသည့် မြန်မာ့ရိုးရာသင်္ကေတများပေါင်းစပ်၍ အများပြည်သူ ပါဝင်ပျော်ရွှင်ကြစေရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်မည်ဖြစ်ပေသည်။

.

ကျိုင်းတုံမြို့၏ အထင်ကရ နန္ဒဘေရီ စည်တော် သမိုင်းစဉ်အရဆိုလျှင် ယခု ၂၀၂၆ ခုနှစ်တွင် ၆၁၆ နှစ် တိုင်ခဲ့ပြီဖြစ်ကြောင်း လေ့လာသိရှိရသည်။

.

ယင်း အခမ်းအနားကိုလွန်လေပြီးသော AD-1410 ခုနှစ်က ခေမာရဋ္ဌ်တိုင်းကို မင်းလုပ်အုပ်ချုပ်သည့် “ကျောက်မထု” မင်းကြီးလက်ထက်က စတင်ခဲ့ခြင်းဖြစ်သည်။

.

ကျိုင်းတုံနယ်တစ်ဝန်း AD-1407 မှစတင်ကာ ၃ နှစ်ဆက်တိုက် မိုးခေါင်ရေရှားဖြစ်ကာ သီးနှံများမဖွံဖြိုးဘဲ အခက်ကြုံနေရသည်ကို ကုစားသည့်အနေဖြင့် ပညာရှိ မှူးမတ်များဖြင့် တိုင်ပင်ကာ သိကြားမင်း ရုပ်တုကို ထု၊ စည်တော်တီးခတ်ပြီး ဆုတောင်းဂါထာများရွတ်ဆိုသလို မိုးခေါ်သည့် ဖားရုပ်ကိုလည်း ထုလုပ်ကာ ရေချသည့်အစဉ်အလာကို ပြုလုပ်ရာမှ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာအဖြစ် နှစ်စဉ် ကျင်းပ ပြုလုပ်လာခဲ့ခြင်းဖြစ်ကြောင်း လေ့လာသိရှိရသည်။

.

ယင်းသို့ပြုလုပ်ရာတွင် သင်္ကြန်စာပါ နှစ်စဉ်  လူ့ပြည်ဆင်းသည့် သိကြားမင်းအဆောင်အယောင်အတိုင်း ရုပ်တုကို ဖန်တီးကြသလို ကျိုင်းတုံ၏ မူလဇာတိသားများဖြစ်သည့် လွယ်လူမျိုးများကသာ စည်တော်ကို တီးခတ်ကြရကြောင်း သိရသည်။

.

ထို့အပြင် ဖားရုပ်ထုရာတွင်လည်း ကျိုင်းတုံးမြို့နှင့် နေ့တူ၊ နံတူ မိတ်ဖက်ယူသည့်အနေဖြင့် “ကိုင်းတန်” ရွာသားများကသာ နမ့်ခင်ချောင်းမှ ရွှံ့များဖြင့် ထုလုပ်ကြရကြောင်း သိရသည်။

.

ကျင်းပရက်မှာ နှစ်စဉ် သင်္ကြန်အကြိုရက်၏ အချိန်ကောင်းကို ရွေးချယ်ပြီး စည်တော် နှစ်ပေါက်ထားရှိရာ ရပ်ကွက် (၃) ရှိ ကျိုင်းစံကျောင်းမှ ကျောက်လုံကန်နတ်စင်သို့ ယူဆောင်ကာ ပန်းတကာနှင့် အုပ်ချုပ်သူ အကြီးအကဲတို့က စည်တော်ကို သုံးချက်၊ ခုနှစ်ချက်၊ ကိုးချက် စသည်ဖြင့် တီးခတ်ကာ စည်တော်တင် ရကြောင်း သိရသည်။

.

ထိုမှ နောက်တစ်နေ့ သင်္ကြန်အကျနေ့ နေ့လယ်တစ်နာရီအထိ စည်တော်ကို တီးခတ်ပြီးနောက် ယင်းနေရာမှ ဖားရုပ်ရှိရာ နမ့်လောကုတ်နေရာသို့ ဝေါယာဉ်ဖြင့်ပို့ ဆောင်ကြသည်။

.

ယင်းသို့ပို့ဆောင်ရာ သယ်ဆောင်လာသည့် သိကြားမင်းရုပ်တုနှင့် ဖားရုပ်တုတို့ တွေ့ဆုံသည်နှင့် ရုပ်တုများမှ အစိတ်အပိုင်းများကို ပရိတ်သတ်မှ လာဘ်လာဘကောင်းမွန်စေသည့် အယူဖြင့် ယူဆောင်ကြပြီး အကြွင်း အကျန်များကို နမ့်ခင်ချောင်းအတွင်း မျှောချကြကြောင်း သိရသည်။

.

ထိုမှ နန္ဒဘေရီစည်တော်ကို ပြန်လည်ပို့ဆောင်ရာတွင် စည်တော်ကိန်းဝပ်ရာ ကျိုင်းစံဘုန်းတော်ကြီးကျောင်း  ရဟန်းသံဃာတော် ၄ ပါးမှ အခမ်းအနားလိုက်ပါလာသူများကို ပရိတ်ရေများ ဖြန်းပက်ဆုတောင်းပေးခြင်းဖြင့် အခမ်းအနားပြီးဆုံးကြရကြောင်း သိရသည်။

.

အဆိုပါ အခမ်းအနားကို စော်ဘွားကြီး ကျောက်ကွန်းကျန်၏ လက်ထက်မှစ၍ လွှဲအပ်မှုအရ ဖရားဖြူ အမတ်ကြီး၏ မျိုးနွယ်များ ရိုးရာမပျက် ဦးစီးလုပ် ဆောင်နေကြကြောင်း သိရသည်။

.

ယခု ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက်၊ သင်္ကြန်အကျနေ့တွင် ကျိုင်းတုံမြို့ ၊ရှမ်းသင်္ကြန်ရိုးရာ စည်တော်ပို့ပွဲ အခမ်းအနားကို စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

.

သတ်မှတ်ထားသော အစီအစဉ်အရ ဧပြီလ ၁၃ ရက်အကြိုနေ့တွင် စည်တော်တင် အခမ်းအနား ပြုလုပ်မည် ဖြစ်ပြီး ဧပြီလ ၁၄ ရက်အကျနေ့တွင် စည်တော်ပို့ အခမ်းအနားများ ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။

.

ယခုနှစ် ၂၀၂၆ ခု သင်္ကြန်အကျနေ့မှာ ဧပြီလ ၁၄ ရက်၊ အင်္ဂါနေ့ ဖြစ်ပြီး ရိုးရာအယူအဆအရ သင်္ကြန်မင်းသည် ဂဠုန်ကို စီးဆင်းသည်ဟု ယူဆကြပြီး ညာဘက်လက်တွင် ပတ္တမြားကိုင်ဆောင်ကာ ဘယ်ဘက်လက်တွင် သံလျက်ကို ကိုင်ဆောင်လျက် မြောက်အရပ်မှ အရှေ့အရပ်သို့ ကြွကြောင်း ရိုးရာယုံကြည်မှုများအရ ဖော်ပြထားသည်။

.

မင်းဇော်မင်း

.

No comments:

Post a Comment

Pages