တောင်ကြီးမြို့မှ ပျောက်ကွယ်သွားပြီ ဖြစ်သော ခေါင်းစဉ်ကြီးအောက်၌ ဗယာကြော်ကိစ္စ ရေးပြီးနောက်၊ စတုဒိသာမဏ္ဍပ်များတွင် တိုက်ကျွေးလှူဒါန်းတတ်သော ဖျော်ရည်အေးအကြောင်းကို ရေးပြချင်လာ၏။ မြန်မာ့လွတ်လပ်ရေး ရပြီးစ၊ ၁၉၅၀ ပြည့်ဝန်းကျင်၊ ပြည်တော်သာခေတ်၊ သီတင်းကျွတ်နှင့် သင်္ကြန်အခါတော်တွင်း၊ တောင်ကြီးမြို့ရပ်ကွက် အတော်များများ ယာယီမဏ္ဍပ်ဆောက်ကာ စတုဒိသာအလှူ ပြုတတ်ကြ၏။ သက်လွတ်ဗယာကြော်ခေတ် ထခဲ့ဖူး၏။ ထို့ပြင် ဖျော်ရည်အေး တိုက်ကျွေးခြင်းကိုလည်း အမှတ်ရလာ၏။ အထူးသဖြင့် သင်္ကြန်ခါ၊ နွေရာသီသည် ပူအိုက်သောကြောင့် ဖျော်ရည်အေးကို လူတိုင်း နှစ်သက်တောင့်တတတ်၏။ ဒေသဓလေ့၊ အခါကြီးရက်ကြီး ကျောင်းတက် ကန်တော့ သွားပြန်တို့အား အမောပြေ ဖျော်ရည်အေးဖြင့် ချွေးသိပ်စေ၏။ နွေပူပူ၊ ရင်ပူပူ၊ ခြေလျင်ခရီး၊ တောင်တက် တောင်ဆင်း ခေါင်းမော့မော့ များ၍ ချွေးစိုရင်ဆို့ကြ၏။ မဏ္ဍပ်တို့မှ ဆီးကြိုဖိတ်ခေါ်ခြင်းကို အလွန်ပင် ဝမ်းမြောက် ကြည်နူးကြရ၏။ မဏ္ဍပ်တွင်း ပူဇော်ထားသော ဘုရားဆောင်ကို ဝပ်ချရှိခိုးရစဉ်ပင် အမောပြေကာ ကုသိုလ်တွေ တိုးပွားနေပါပြီ။
“ဖန်ပြာခွက်နဲ့
ကျောက်စက်ရေ၊ အမောပြေအောင် တိုက်ပါ မမ” ဆိုသော သံချပ်နှင့်အညီ ဖန်ခွက်ကြည်ကြည်၊ ဖော်ရည်
နီဝါစိမ်း တစ်မျိုးမျိုးနှင့် ဧည့်ခံတတ်ကြရာ၊ တကယ်လည်း ပျော်စရာ ကောင်းလှ၏။ ဖျော်ရည်အေးဟု
ဝိသေသပြုရခြင်းမှာ ရေခဲတုံး ရှားပါးချိန်ခါမို့ အေးရိပ်ချောင်မှာ သိုလှောင်ထားသော ညသိပ်ရေသည်
ရေခဲရည်လို အေးစက်နေ၏။ စတော်ဘယ်ရီရနံ့သင်းသော အနီရောင်၊ သံပုရာနံ့သင်းသော အဝါရောင်၊
နှင်းရည်နံ့သင်းသော အစိမ်းရောင်ဖျော်ရည်တို့မှာ ထိုစဉ်က ခေတ်စားနေသော ဘိလပ်ရည်နှင့်
ပုံစံတူ အရောင်အနံ့အရသာပါ တူသည်မို့ မိမိတို့ကလေးတတွေ စွဲမက်နှစ်သက်ကြ၏။ တပြုံးပြုံးဖြင့်
တစ်ခွက် မဝသေးလျှင် နှစ်ခွက်၊ သုံးခွက် ဆင့်သောက်ကြ၏။ စတုဒိသာဆိုတော့ ဖန်ချိုင့်ကြီးနှင့်
အပြည့်ချထားပေးရာ သဘောရှိ ကလောဟိ မဟုတ်ပါလား။ နီညိုရင့် အရောင်ကို ပို ကြိုက်ကြ၏။ သစ်ခွရည်ဟု
အအေးဆိုင်တွေက နာမည်လှလှ ပေးထားသည့်အတိုင်း သစ်ခွနံ့တစ်မျိုး သင်း၏။ သစ်ခွပန်းနံ့ကို
ရည်ညွှန်းဟန် ရှိသည်။
.
အရည်ချည်းသက်သက်၊
ခေတ်စကားဖြင့် ပလိန်းဖျော်ရည်အပြင်၊ ကျောက်ကျောရိုးရိုး ရောင်စုံ၊ လိပ်ကျောက်ကျော အမည်းရောင်နက်နက်၊
ဆေးကုလားမဖြူဖြူ စသည်ဖြင့် သီးသန့်လှူသူ ရှိလျှင် အဖတ်ပျော့လေးများ ပေါလောလော ထည့်ထားပေးတတ်သေး၏။
သဘာဝအသီးလတ်ဆတ်၊ ပမာအားဖြင့် ရာသီသီးနှံ၊ ဖရဲသီး၊ စတော်ဘယ်ရီသီး၊ သခွားကြောင်သီးတို့ကို
အတုံးသေးသေး တုံးလျက် တစ်မျိုးစီ ဖန်တီး ဖျော်တိုက်၏။ သစ်သီးဖျော်ရည်စက် မပေါ်သေးသော
ရှေးခေတ်ကာလပါ။ နီဝါစိမ်း အစားအစား ဆိုးဆေးနှင့် သင်းရနံ့မျိုးစုံတော့ ပေါ်နေပါပြီ။
ဖွါလူဒါကိုမူ အလှူရှင်ရှိသည့်တိုင်၊ အအေးဆိုင်မှာ ရောင်းသလို ပျစ်နှစ်မနေနိုင်ပါ။ စပျစ်သီးခြောက်တို့၊
စွန်ပလွန်တို့၊ နာနတ်ယိုတို့၊ ကျောက်ဖရုံယိုတို့ အစုံအလင် မထည့်နိုင်ပါ။ နို့မလိုင်ကျဲ၊
ယိုအခဲ တစ်မျိုး နှစ်မျိုးသာ ပါ၏။ အရည်ကျဲကျဲ၊ အချိုလည်း နည်းနည်းသာပါ၏။ စတုဒိသာ အများအတွက်လေ။
ပေါပေါများများ တိုက်ကျွေးနိုင်ဖို့ ဖွါလူဒါ အမည်ခံရုံတမုံ့ပါ။
.
ပေါပေါလောလော
တိုက်ကျွေးနိုင်သည်ကား ဆေးကုလားမ၊ လိပ်ကျောက်ကျော၊ ပင်စိမ်းစေ့ရေစိမ်တို့ ဖြစ်၏။ လိပ်ကျောက်ကျောနက်
ဖျော်ရည်အေး တိုက်နိုင်လျှင်၊ ဒိပ်(ထိပ်တန်း) မဏ္ဍပ်ပင်။ ရေစိမ်တိုင်း ပွားများတတ်လှသော
ဆေးကုလားမနှင့် ပင်စိမ်းစေ့တို့သာ အများဆုံး ဖျော်တိုက်နိုင်၏။ ပင်စိမ်းစေ့ မည်းမည်းလေးများ
ရေစိမ်လိုက်ပါက ပွလာ၏။ အဆန်နက်စေ့ အလယ်မှာ ကျန်နေပုံကား ဖားဥနှင့် အလွန်တူပါ၏။ အဆန်လေးကို
ဝါးကြည့်ပါက ပင်စိမ်းနံ့လေး သင်းလာ၏။ မိမိ အလွန်ကြိုက်၏။ ပိုပြီး ကြိုက်သည်က မုန့်လက်ဆောင်းပါ။
တောင်ကြီး ကြံခြံတွေ ရှိ၍ ကြံသကာ ပေါ၏။ ကြံသကာဖျော်ရည်မွှေး သင်းသင်းမှာ မုန့်လက်ဆောင်းဖတ်
ဖြူဖွေးဖွေး ပေါလောမျောနေသည်ကို သုံးခွက်ဆင့်သောက်သော်လည်း မိမိ အာသာမပြေချေ။ မိမိနှင့်
မတည့်ပါ။ ချောင်းတဟွတ်ဟွတ် ဆိုးတတ်လှ၏။ ထန်းလျက်ပေါသော အညာဒေသ၌ ထန်းလျက်ဖျော်ရည် မွှေးမွှေး
မုန့်လက်ဆောင်းက ပိုပြီး အရသာ ကောင်းသည်ဟု မိမိ ထင်၏။ ထန်းဖိုဦးထန်းလျက်က ဆေးဖြစ်သည်
ဆို၏။
.
ဘကြီး တစ်ဦးက
- မုန့်လက်ဆောင်းသည် ယိုးဒယား (ထိုင်းလင်း)အစားအစာ ဖြစ်ကြောင်း ပြောပြဖူး၏။ မြန်မာမင်းတို့
ယိုးဒယားကို စစ်ပြုပြီး စစ်နိုင်သောအခါ စစ်သုံ့ပန်း အများကြီး ခေါ်လာ၏။ အသိပညာရှင်၊
အတတ်ပညာရှင်များ ပါလာ၏။ အဝတ်အထည်၊ အချက်အပြုတ်တို့ ပွားများလာ၏။ ဇင်းမယ်ပိုးထဘီ၊ ဘန်ကောက်ပိုးပုဆိုးတို့၏
နာမည်ကို ကြည့်လျှင် မူရင်းဇာတိ ပေါ်လွင်နေ၏။ မန္တလေးထိုးမုန့်၊ ကရေကရာ စသည်များလည်း
ယိုးဒယား အစားအစာများ ဖြစ်ကြောင်း ကြားမှတ်ဖူး၏။ ဦးလေးတစ်ယောက်က “ မုန့်လက်ဆောင်းရဲ့
မူရင်းနာမည်ဟာ ယိုးဒယားစကား အခေါ်အဝေါ်က ဆင်းသက်လာတာတဲ့။ ဆောင်း မဟုတ်ဘူး၊ ဆောင်တဲ့။
အသံထွက် မပီသတဲ့အပြင် သံရှည်ဆွဲ ပြောတာကြောင့်၊ မုန့်လက်ဆောင်းလို့ပဲ တွင်ကျယ်ပြီး
အတည်ဖြစ်သွားတာတဲ့။ ကြံသကာရည် ရောင်းတာမှာ မုန့်ဖတ်ကို လက်ဆောင် ထည့်ပေးတာကနေ တွင်သွားတာဆိုပဲ။
ဟုတ်/မဟုတ်တော့ သေချာ မသိပါဘူး။” ဟု ကျီစယ်စကားလိုလို အတည်ပေါက်လိုလို ပြောပြဖူးပါသည်။
.
စာဖတ်သူတို့က
“ဘယ့်နှယ် ဒီဆရာ ခေါင်းစီးတပ်ထားတာ လိုင်းမကျူးဆိုပြီး လိုင်းမကျူးနားကို ကျူးမလာသေးဘူး”
ဟု အပြစ်ဆိုဖွယ် ဖြစ်နေပေတော့မည်။ မိမိကလည်း ကလောင်ဦးတည့်ရာ ဟိုရောက်သည်ရောက်မို့ ကလောင်မျက်စိ
လည်နေလေပြီ။ ရေးပြချင်တာတွေ များတော့ “ဖိုးသူတော် မျက်စိလည်လေ ဆန်ရလေ” အဆိုအတိုင်း
စာဖတ်ပရိသတ်အတွက် ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ရာတွေကို အများကြီး ဖတ်ရလို့ စိတ်ဆိုးမည်
မထင်ပါ။ ကဲ လိုင်းမကျူးဘက် ဦးလှည့်လိုက်ကြရအောင်။ မြန်မာနိုင်ငံကို ဗြိတိသျှ အင်္ဂလိပ်တို့
အုပ်ချုပ်ခဲ့ဖူး၍ ဂိုဒေါင်တို့၊ ဝရန်တာတို့ဆိုသော အင်္ဂလိပ်ဝေါဟာရ တော်တော်များများကို
မြန်မာမှု မပြုတော့ဘဲ သူ့အတိုင်း ကောက်ယူ မွေးစားလိုက်ကြ၏။ ထိုအထဲတွင် လိုင်းမကျူးလည်း
ပါ၏။ တောင်ကြီးမြို့ကို အင်္ဂလိပ်တို့ ရှမ်းပြည်မြို့တော် အဖြစ် မြို့တည်ကာ ရုံးစိုက်ခဲ့ကြသောကြောင့်
အင်္ဂလိပ် အငွေ့အသက် မကင်းသော စကားတွေ ပေါကြွယ်လွန်းလှ၏။
.
လိုင်းသည်
သံပုရာကို ဆို၏။ ကျုမှာ ဖျော်ရည် ဖြစ်၏၊ မြန်မာသံရှည်ကြောင့် ကျူး ဖြစ်သွားရခြင်းပါ။
ထို့ကြောင့် လိုင်းမကျူးသည် သံပုရာဖျော်ရည်ကို ဆိုလိုပါသည်။ သံပုရာ၏ အာဟာရတန်ဖိုးကို
သိပြီး လူသားတို့အတွက် အကျိုးပြုဆေးတစ်ပါးမို့ သူတို့ ဂုဏ်ယူသောက်သုံးကြ၏။ အခြား ဖျော်ရည်အေးများကိုလည်း
မိမိတို့ ရွှေမြန်မာများက သံယောင်လိုက်ပြီး လိုင်းမကျူးလိုက်ကြခြင်းပါတဲ့။ မူရင်းသံပုရာရည်
အနက်ပျောက်၊ ဖျော်ရည်အေး အဓိပ္ပါယ်ပေါက်နှင့် ဆက်သုံးစွဲကြခြင်းပါဟု သိရ၏။ ဖျားနာလျှင်
နာလန်ထ မြန်အောင် သံပုရာရည် ဖိတိုက်၏။ တကယ်လည်း အကျိုးထူး ရစေ၏။ သွေးလေသန့်ရှင်း၊ ဆီးရွှင်ခြင်း၊
ကျန်းမာရေးနှင့် ပြည့်စုံစေသည်မှာ အမှန်ပင် ဖြစ်ပါကြောင်း။
.
စတုဒိသာ၊ မဏ္ဍပ်ငယ်ပါ
အုန်းလက်ကာထား၊ ခရီးသွားတို့
ကြိုဆိုဖိတ်ခေါ်၊ နားနော်စားသောက်
ဒါနမြောက်စေ၊ ဖျော်ရည်အေးနှင့်
ရေနွေးလက်ဖက်၊ ရောယှက်ကြော်စုံ
ချွေးသိပ်ရုံနား၊ ကြိုက်လားမန်ကျည်း
ဇီးကျောက်ကျောပြင်း၊ စားချင်စရာ
ဂျင်း(ချင်း)လည်းပါသေး၊ ဖြည်းဖြည်းမှပြန်
သံပုရာရည်၊ အမောပြေအောင်
တိုက်ကျွေးချင်သော၊ ကုသိုလ်ဖွေး။ ။
.
❏ ဒေါက်တာ
အောင်ကျော်(သွား/ဆရာဝန်)


No comments:
Post a Comment