မိုင်းဖြတ်မြို့နယ်တွင် အခြေခံ စက်ချုပ်သင်တန်း ဖွင့်လှစ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, May 21, 2026

မိုင်းဖြတ်မြို့နယ်တွင် အခြေခံ စက်ချုပ်သင်တန်း ဖွင့်လှစ်

.

၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ နားမွန်ကျေးရွာခန်းမတွင် ယနေ့ မေလ ၂၁ ရက်၊ နံနက်ပိုင်းက အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး တာချီလိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ထွေးဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ သင်တန်းမှ ရရှိနိုင်မည့် အကျိုးကျေးဇူး များနှင့် စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

.

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မိုင်းဖြတ်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမျိုးနှင့် တာဝန်ရှိသူများက သင်တန်းသူများအား သင်တန်းသုံးကုန်ကြမ်းပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းတွင် ခင်းကျင်းပြသထားသော စက်ချုပ်သင်ထောက်ကူ ပစ္စည်းများကို လှည့်လည်ကြည့်ရှု ခဲ့ကြောင်း သိရသည်။

.

အဆိုပါ သင်တန်းကို တာချီလိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဦးစီးဖွင့်လှစ်ခြင်း ဖြစ်ပြီး သင်တန်းသို့ မိုင်းဖြတ်မြို့နယ်၊ နားမွန်ကျေးရွာမှ သင်တန်းသူ ၁၀ ဦးနှင့် ပါဆန်းကျေးရွာမှ သင်တန်းသူ ၁၀ ဦး စုစုပေါင်း ၂၀ ဦး တက်ရောက်သင်ယူလျက်ရှိကာ သင်တန်းနည်းပြများက စက်ချုပ်လုပ်ငန်းအခြေခံမှစ၍ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းလုပ်ငန်း ထူထောင်နိုင်သည်အထိ စာတွေ့၊ လက်တွေ့ပေါင်းစပ်ကာ ၄၅ ရက်ကြာ အခမဲ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages