.
အမေရိကန်နိုင်ငံ၊ ဘော်စတွန်တက္ကသိုလ်ကနေ ဘွဲ့ရပြီး မကြာသေးခင်ကမှ
ပြန်လာခဲ့တဲ့ ဒစ်ကီ ဟာ ဒီနေ့မှာတော့ “Cockroach Janta Party” – “ပိုးဟပ်ပြည်သူ့ပါတီ” လို့ လူသိ များလာတဲ့ သရော်စာ နိုင်ငံရေး လှုပ်ရှားမှု
တစ်ခုရဲ့ ဦးဆောင်သူ ဖြစ်လာခဲ့ပါတယ်။
.
အရာအားလုံးက အိန္ဒိယတရားရုံးချုပ်ရဲ့ ရှေ့နေချုပ်ဖြစ်တဲ့ ဆာရာကန့်
ရဲ့ စကား တစ်ခွန်းကြောင့်ပါ။
တရားရုံး ကြားနာမှုတစ်ခု အတွင်းမှာ ကန့်က အစိုးရရဲ့ စနစ်ကို
ကပ်ပါးကောင်တွေ ဝင် တိုက်ခိုက်နေကြပြီး အလုပ်အကိုင် မရသေးတဲ့ လူငယ်တွေကို
ပိုးဟပ်တွေနဲ့ နှိုင်းယှဉ်ပြောခဲ့တာပါ။ “အလုပ် မရှိ၊ နေရာ မရှိတဲ့
လူငယ်တွေက ပိုးဟပ်တွေလိုပဲ၊ တချို့က မီဒီယာ ဖြစ်လာတယ်၊ တချို့က လူမှုရေး လှုပ်ရှားသူလိုလို
ဘာလိုလိုတွေ ဖြစ်လာကြပြီး လူတိုင်းကို တိုက်ခိုက်နေကြတယ်” လို့ ကန့် က
ပြောလိုက်တာပါ။
.
နောက်ပိုင်းမှာ ကန့် က ဒီစကားက လူငယ်တွေကို ဆိုလိုတာ မဟုတ်ဘဲ ဘွဲ့အတုတွေ ယူထားကြသူတွေကို ဆိုလိုတာ ဖြစ်ကြောင်း ရှင်းပြခဲ့ပေမယ့်
နောက်ကျသွားခဲ့ပါပြီ။ အထူးသဖြင့် အလုပ် လက်မဲ့နှုန်း မြင့်တက်နေတဲ့၊
ကုန်ဈေးနှုန်းတွေ ကြီးနေတဲ့၊ ဘာသာရေး အမုန်းတရားတွေ မြင့်တက်နေတဲ့ ခေတ်ကြီးထဲက
လူငယ်တွေအတွက် “ပိုးဟပ်” ဆိုတဲ့ စကားလုံးက ရင်ကို တိုက်ရိုက် ထိမှန်သွားစေခဲ့ပါတယ်။
.
ဒီအချိန်မှာပဲ ဒစ်ကီ က X မှာ စာတစ်ကြောင်း တင်လိုက်ပါတယ်။
အဲဒီစာကတော့ “ပိုးဟပ် တွေ အကုန်လုံး ပေါင်းစည်းလိုက်ရင်
ဘယ်လိုဖြစ်လာမလဲ” ဆိုတာပါ။ နောက် တစ်ရက်မှာတော့ ဒစ်ကီ က ဝက်ဆိုက်တစ်ခု ထောင်တယ်။ အင်စတာဂရမ်
အကောင့် ဖွင့်တယ်။ X အကောင့် ဖွင့်တယ်။ နာမည်ကတော့ “Cockroach
Janta Party” ဖြစ်ပြီး ဒီနာမည်က ဝန်ကြီးချုပ် မိုဒီ ရဲ့ “Bharatuya
Janata Party” ကို သရော်ထားတဲ့ နာမည်လည်း ဖြစ်ပါတယ်။
.
“အာဏာ ရှိသူတွေက ပြည်သူတွေကို ကပ်ပါးကောင်တွေ၊ ပိုးဟပ်တွေလို့
မြင်နေကြတယ်” ဆိုပြီး ဒစ်ကီ က ပြောခဲ့ပါတယ်။ “ဒါပေမယ့်
ပိုးဟပ်တွေက ပုပ်လှောင်နေတဲ့ နေရာမှာပဲ ပေါက်ဖွားတာ၊ အဲဒါက ဒီနေ့
အိန္ဒိယနိုင်ငံပဲ” တဲ့။
.
သုံးရက် အတွင်းမှာပဲ ပိုးဟပ်ပြည်သူ့ပါတီရဲ့ အင်စတာဂရမ် ပရိသတ်က ၃
သိန်း ကျော်သွားခဲ့ပြီး ဂူဂယ်ကနေ ပါတီဝင်ဖို့ စာရင်းပေးတဲ့ သူပေါင်း ၃ သိန်းခွဲ ရှိလာခဲ့တယ်။
အဲဒီအထဲမှာ နိုင်ငံရေးသမားတွေပါ ပါလာခဲ့တယ်။ အတိုက်အခံပါလီမန် အမတ် မွိုင်ထရာ၊
ဘီဟာပြည်နယ်က ကာတီအေဇက် တို့လို နာမည်ကြီးတွေတောင် ပါလာကြတယ်။ အငြိမ်းစား အစိုးရဝန်ထမ်း
တစ်ယောက် ဖြစ်တဲ့ ဂျိုရှီကတော့ ဒီလှုပ်ရှားမှုဟာ “နှစ်ပေါင်းများစွာ
ကြာလာတဲ့ ကြောက်ရွံ့မှုထဲက လေသန့် တစ်ချက်လိုပဲ” လို့ တင်စားလိုက်ပါတယ်။
.
အိန္ဒိယရဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ယောက် ဖြစ်တဲ့ ဘူရှန်ကတော့
တရားသူကြီးချုပ်ရဲ့ စကားဟာ လူငယ်တွေနဲ့ အခွင့်အရေး လှုပ်ရှားသူတွေအပေါ် အမြစ် တွယ်နေတဲ့
မုန်းတီးမှုကို ဖော်ပြလိုက်တာပဲ လို့ဆိုပါတယ်။ ဒီစိတ်ဓာတ်က အိန္ဒိယရဲ့လက်ရှိအစိုးရ
စိတ်ဓာတ်နဲ့လည်း တူညီနေတယ်လို့ ဘူရှန်က ဆိုတယ်။
.
တချိန်တည်းမှာပဲ မိုဒီရဲ့ အစိုးရအဖွဲ့ကလည်း နိုင်ငံတကာမှာ
ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်။ နော်ဝေနိုင်ငံ ခရီးစဉ်အတွင်းမှာ မိုဒီက
သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ရှောင်ရှားနေခဲ့ပြီး အဲဒီအတွက် နော်ဝေမီဒီယာတွေဆီက ပြင်းထန်တဲ့ ဝေဖန်မှုတွေ ရခဲ့တယ်။
.
တကယ်တော့ ၂၀၁၄ ခုနှစ်၊ အာဏာ ရလာပြီးကတည်းက မိုဒီဟာ သတင်းစာ ရှင်းလင်းပွဲ
တစ်ခုမှာ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို တိုက်ရိုက် မဖြေဖူးသေးပါဘူး။ သူ့ကို မေးခွန်း
မေးချင်ရင် ကြိုတင် မေးခွန်းတွေ တင်ပြရပြီး အဲဒီထဲကမှ သူအဆင်ပြေမယ့်ဟာလေးတွေကိုပဲ
ရွေးပြီး ဖြေတတ်တဲ့သူပါ။
.
ဘူရှန် ကတော့ ပိုးဟပ်ပါတီက ဘာကြောင့် လူကြိုက် များလာသလဲ ဆိုတာကို
အခုလို ရှင်းပြပါတယ်။
“တချို့ကတော့ သရော်စာကို ဟာသအနေနဲ့ ပြန်ပြီး ချိတ်ဆက်ကြတယ်။
တချို့ကတော့ စိတ် ခံစားမှုကနေ သွားတယ်။ အခုတော့ လူတွေက စတင် မေးခွန်းထုတ်နေကြပြီ”
လို့ဆိုပါတယ်။ သူ့အနေနဲ့ ပါတီထဲ ဝင်ချင်ပေမယ့် ပါတီရဲ့လို အပ်ချက်တွေကို သူ လိုက်မမှီဘူးလို့
ဘူရှန်က ဟာသနှောပြီး ပြောသွားခဲ့တယ်။
.
ဒစ်ကီရဲ့ ပိုးဟပ်ပြည်သူ့ပါတီထဲ ဝင်ဖို့ဆိုရင် စည်းကမ်းချက် ၄ ခု ရှိပါတယ်။
အလုပ်လက်မဲ့ ဖြစ်ရမယ်၊ ပျင်းရမယ်၊ အွန်လိုင်းမှာ
အချိန် ကုန်နေသူ ဖြစ်ရမယ်၊ သူများကို ပုတ်ခတ်ပြောတဲ့ နေရာမှာ
ပရိုအဆင့် ဖြစ်ရမယ်။ ဒါပါပဲ။
.
အင်စတာဂရမ်မှာတော့ သူတို့ကိုယ် သူတို့ “ပျင်းတဲ့၊
အလုပ်မရှိတဲ့ ပိုးဟပ်အဖွဲ့အစည်း” လို့ ဖော်ပြထားပါတယ်။ အံ့ဩစရာကောင်းတာက ဒီပါတီ
ကို ဒစ်ကီ တစ်ယောက်တည်း ၂၄ နာရီအတွင်း ဖန်တီးလိုက်တာပါ။ Clude ၊ ChatGPT တို့လို AI Tools တွေ
သုံးပြီး Logo ကနေ စလို့ အားလုံး ပြီးဆုံးတဲ့အထိ
တစ်ယောက်တည်း တည်ဆောက်သွားခဲ့တာပါ။
.
အခုတော့
ဟာသအနေနဲ့ စခဲ့တဲ့ ဒီလှုပ်ရှားမှုက လူငယ်တွေအတွက် စိတ်ထွက်ပေါက် တစ်ခု၊ ရင်ဖွင့်ရာ
နေရာ တစ်ခုလို ဖြစ်လာခဲ့ပါပြီ။
.
ဒစ်ကီ အတွက်တော့ ဒီဟာက ဟာသဆိုတာထက် ကျော်လွန်သွားခဲ့ပါပြီ။ သူက
အိပ်ချိန် လျော့ပြီး ဆိုရှယ်မီဒီယာ ကမ်ပိန်းတွေ ဆက်တိုက် လုပ်နေတယ်။ နိုင်ငံရေး လှုပ်ရှားမှုတိုင်းကို
သရော်စာနဲ့ တုန့်ပြန်နေတယ်။ အဖွဲ့ဝင်တွေ ပိုများလာအောင် စုဆောင်းနေတယ်။ သူပြောတာကတော့
ရှင်းရှင်းလေးပါ။
.
“ တစ်ခါတလေမှာ လူငယ်တွေက တော်လှန်ရေးကို ဟာသ တစ်ခုကနေ စတင်တတ်တယ်ဆို
ပေမယ့် အဲဒီ ဟာသအောက်မှာ ဒေါသတွေ၊ မျှော်လင့်ချက်တွေနဲ့ အသံ မထွက်နိုင်ခဲ့တဲ့
မျိုးဆက် တစ်ခုရဲ့ အသက်ရှူသံတွေ ပုန်းကွယ်နေတတ်ပါတယ်။” တဲ့။
#KBZTai #Shan #India #International #Cockroach

No comments:
Post a Comment