.
၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက်
.
တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ ရှုခင်းသာလမ်းနှင့်
ကုန်းမြင့်သာယာ လမ်းဆုံရှိ လျှပ်စစ်ထရန်စဖော်မာ ပျက်နေသည့်အတွက် တစ်ရက်ခြားသာ
လျှပ်စစ်မီး ရရှိပြီး အခက်အခဲဖြစ်ပေါ်နေရကြောင်း ဒေသခံများထံက သိရသည်။
.
.“ဖြစ်တာကတော့ တစ်လလောက် ရှိပါပြီ။
မိုးရွာတဲ့နေ့က ထရန်စဖော်မာ ပျက်သွားတယ်လို့ ပြောတယ်ရှင့်။ EPC ကိုခေါ်တော့ လာတော့ လုပ်ပေးတယ်။ ပြီးတော့ ထရန်စဖော်မာ တစ်လုံးက
ပျက်သွားတယ်ပြောတယ်။ ပြင်ရင် သိန်း ၂၀ လောက် ကုန်မယ်ပေါ့။ အဲဒါ သူတို့က
မပြင်ပေးဘဲနဲ့ ကျန်တဲ့ ထရန်စဖော်မာ တစ်လုံးနဲ့ မြောက်ဘက်နဲ့ တောင်ဘက်ကို
မျှသုံးခိုင်းတဲ့ သဘောမျိုးပေါ့။ တစ်ရက်ခြားတစ်ခါပဲ မီးပေးပါတယ်” ဟု
တောင်ကြီးမြို့၊ ကံသာရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ တစ်ရက်ခြားတစ်ခါဖြင့် လျှပ်စစ်မီး
ရရှိနေသည်မှာ တစ်လနီးပါးခန့် ကြာမြင့်လာပြီ ဖြစ်သည့် အတွက် အမြန်ဆုံး
ပြင်ဆင်ပေးစေလိုကြောင်း ၎င်းက ပြောသည်။
.
ထို့အတူ အခြား ဒေသခံတစ်ဦးကလည်း
“မီးပြင်ပေးနေတယ်လို့တော့ ပြောတယ်။ တစ်ရက်ခြားတစ်ခါပဲ မီးလာတာပါ။ မနက် ၁၀ နာရီ ၁၂
နာရီလောက်ပျက်ရင် တစ်ညလုံးပျက်၊ နောက်တစ်နေ့ ၁၂ နာရီမှ ပြန်လာ တာပေါ့” ဟု
ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍
တောင်ကြီးမြို့ပေါ်တွင် လျှပ်စ်စဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းအား တာဝန်ယူ
ဆောင်ရွက်နေသည့် လင်းသီဟ လျှပ်စစ်နှင့် အထွေထွေဝန်ဆောင်မှု ကုမ္ပဏီမှ
ဦးနေမျိုးအောင်အား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် “အမှန်တကယ် ပျက်တာက
ဒီနေ့နဲ့ ဆိုရင် ၁၆ ရက် ရှိပါပြီ။ ထရန်စဖော်မာ 500 KVA အိုးလောင်သွားတာပါ။
အခု 315 KVA အိုး ခေတ္တ အစားထိုးတပ်ထားပေးပါတယ်။ လာမယ့် ၂၂
ရက်နေဆိုရင် ပြင်ထားတဲ့ မူလ 500 KVA အိုးက မန္တလေးမှာ
ပြင်လို့ပြီးပါပြီ။ ၂၅/၂၆ ရက် ဆိုရင် ပြန်ရပါပြီ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
မီးပျက်ချိန် များနေသည့်အတွက် မီးလာသည်နှင့်
တစ်ပြိုင်နက် ဓါတ်အားကို စုပြုံသုံးစွဲရာမှ ဝန်အားမနိုင်ဘဲ ဖြစ်ပွားခဲ့ခြင်း
ဖြစ်ပြီး ပုံမှန်အတိုင်း ၂၄ နာရီ လျှပ်စစ်မီး ရရှိနေပါက ပြဿနာမရှိနိုင်ကြောင်း
၎င်းက ပြောသည်။
.
ထို့အပြင် အဆိုပါ မူလ 500 KVA ထရန်စဖော်မာအိုးအပြင် ကံသာရပ်ကွက်တွင် 200 KVA ထရန်စဖော်မာ
တစ်လုံး ထပ်မံတပ်ဆင်ပေးရန်ရှိနေပြီး မြေနေရာအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်
ညှိနှိုင်းနေဆဲ ဖြစ်သည်ဟု သိရသည်။
.

No comments:
Post a Comment