.
၂၀၂၆ ခုနှစ်၊ မေလ ၂၃ ရက်
.
တရုတ်နိုင်ငံ မြောက်ပိုင်းမှာ
ကျောက်မီးသွေးတွင်းတစ်ခု ပေါက်ကွဲမှုဖြစ်ပွားရာကနေ အနည်းဆုံး လူ ၉၀
ကျော်သေဆုံးခဲ့တဲ့အကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြနေကြပါတယ်။
.
.ပေါက်ကွဲမှုက
ရှန်ရှီပြည်နယ်မှာဖြစ်ပွားခဲ့တာြဖစ်ပြီး တောင်ဇူ စီးပွားရေးလုပ်ငန်းက
စီမံခန့်ခွဲတဲ့ လူရှန်းယု ကျောက်မီးသွေးတွင်း ပေါက်ကွဲခဲ့တာပါ။
.
ရာနဲ့ချီတဲ့ ကယ်ဆယ်ရေးသမားတွေက
ပေါက်ကွဲမှုဖြစ်ပွားရာကို ရောက်ရှိနေပြီး ဆေးရုံမှာ ကုသမှုခံနေရသူ ၂၇
ဦးရှိနေတယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကိုတော့ ဆက်လက်လုပ်ဆောင်နေကြဆဲ ဖြစ်ပြီး
ဆေးရုံရောက်နေသူအများစုက အသေးစားဒဏ်ရာတွေသာ ရရှိထားခဲ့ကြတာပါ။
.
ပေါက်ကွဲမှုက သောကြာနေ့ ည ၇
နာရီခွဲလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ တာဝန်ထမ်းဆောင် နေတဲ့ အလုပ်သမား
၂၄၇ ဦးရှိခဲ့တာပါ။
.
သေဆုံးသူအများစုက အဆိပ်ရှိတဲ့ဓာတ်ငွေ့ကို
ရှူမိတာကြောင့် သေဆုံးသွားခဲ့ကြတာဖြစ်တယ်လို့ နိုင်ငံပိုင် မီဒီယာတွေက
ရေးသားခဲ့ကြပေမဲ့လည်း ဘယ်လိုဓာတ်ငွေ့အမျိုးအစားလဲဆိုတာကိုတော့ ဖော်ပြခြင်း မရှိပါဘူး။
.
အလုပ်သမားတစ်ယောက်ဖြစ်တဲ့ ဝန်ယန်းကတော့ “ပေါက်ကွဲမှုဖြစ်တုန်းက အသံမကြားခဲ့ရပေမဲ့ ရုတ်တရက်
မီးခိုးတိမ်ကြီးတက်လာတာကို တွေ့ခဲ့ရတာပါ။ ဗုံးဖောက်တဲ့အချိန်လိုမျိုး
ဆာလ်ဖာအနံ့ကိုရခဲ့ပါတယ်။ ဘေးကလူတွေကို ပြေးဖို့အော်ပြောပြီး ကျွန်တော်တို့
ပြေးခဲ့ကြတယ်။ လမ်းမှာ လူတွေ အဆိပ်ငွေ့ကြောင့် လဲကျနေတာကို တွေ့ခဲ့ရပါတယ်။
အဲဒီနောက်မှာ ကျွန်တော်လည်း သတိလစ်သွားခဲ့တယ်။ တစ်နာရီလောက် ကြာမှ ကိုယ့်ဘာသာ
ပြန်သတိရလာခဲ့တာပါ” လို့ဆိုပါတယ်။
.
ဖြစ်စဉ်အပြီးမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က
ဒဏ်ရာရသူတွေကို ကုသပေးဖို့နဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ဆက်လက်ရှာဖွေဖို့
အစွမ်းကုန်ကြိုးစားရမယ့်အကြောင်း ညွှန်ကြားခဲ့ပါတယ်။ ဒါ့အပြင် အစိုးရကိုလည်း
မတော်တဆမှုရဲ့အကြောင်းရင်းကို ရှာဖွေစုံစမ်းပြီး တာဝန်ရှိသူတွေကို အရေးယူဖို့
တောင်းဆိုထားပါတယ်။
.
လူရှန်းယုကျောက်မီးသွေးတွင်းကို ၂၀၂၄ ခုနှစ်မှာ
လုံခြုံရေးအန္တရာယ်ပြင်းထန်တဲ့နေရာအဖြစ် တရုတ် အမျိုးသား
သတ္တုတွင်းအုပ်ချုပ်ရေးအဖွဲ့က စာရင်းသွင်းထားခဲ့တာပါ။
.
သတ္တုတွင်းကို စီမံခန့်ခွဲတဲ့ ကုမ္ပဏီကလည်း ၂၀၂၅
ခုနှစ်အတွင်း လုံခြုံရေးဆိုင်ရာ ပြဿနာတွေကြောင့် အရေးယူမှု ၂ ကြိမ် ခံထားရတဲ့
ကုမ္ပဏီဖြစ်ပါတယ်။
.
ရှန်ရှီပြည်နယ်ဟာ
တရုတ်နိုင်ငံရဲ့ကျောက်မီးသွေးထုတ်လုပ်မှု ၄ ပုံ ၁ ပုံကို ထုတ်လုပ်ပေးနေခဲ့ပေမဲ့လည်း
၂၀၀၀ ပြည့်နှစ်အစောပိုင်းက စတင်ပြီး လုပ်ငန်းခွင်တွေမှာ လူသေဆုံးမှုတွေ
ဖြစ်ပေါ်လာခဲ့တာပါ။ လုံခြုံရေး စံနှုန်းတွေကို ထပ်ပြီး တင်းကျပ်လာခဲ့ပေမဲ့လည်း
လူသေဆုံးမှုတွေကတော့ ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။
.
Ref ; - Xinhua
.

No comments:
Post a Comment