သရုပ်ဆောင်ကောင်းရင် တမီလ်နာဒူမှာ ဝန်ကြီးချုပ်ဖြစ်နိုင်ကြောင်း ပြသသွားတဲ့ ဗီဂျေး [ဆောာင်းပါး] - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, May 17, 2026

သရုပ်ဆောင်ကောင်းရင် တမီလ်နာဒူမှာ ဝန်ကြီးချုပ်ဖြစ်နိုင်ကြောင်း ပြသသွားတဲ့ ဗီဂျေး [ဆောာင်းပါး]

.

၂၀၂၆ ခုနှစ်၊ မေလ ၁၇ ရက်

.

.

အိန္ဒိယနိုင်ငံ၊ တမီလ်နာဒူပြည်နယ်မှာ သရုပ်ဆောင်တွေ ဝန်ကြီးချုပ်ဖြစ်လာတာ အထူးအဆန်းတော့ မဟုတ်ခဲ့ပါဘူး။ ဒီ ပြည်နယ်သားတွေရဲ့ သဘောသဘာဝကိုက သူတို့သဘောကျတဲ့ သရုပ်ဆောင်တွေ နိုင်ငံရေးလုပ်ကြပြီဆိုရင် သဲသဲလှုပ်အားပေးတတ်ကြတာပါ။

.

၁၉၇၇ ခုနှစ်မှာ မင်းသား ရာမန်ချန်ဒရာက ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီးတဲ့နောက် သရုပ်ဆောင်ဝန်ကြီးချုပ်တွေက ခေတ်ထလာခဲ့တယ်။ ရာမန်ချန်ဒရာရဲ့နောက်မှာတော့ မင်းသမီး ဂျာယာလာလီသာ။ သူကတော့ တမီလ်နာဒူလ်မှာ တကယ်အောင်မြင်ခဲ့တဲ့ သရုပ်ဆောင်ဝန်ကြီးချုပ်ဖြစ်ပြီး ဝန်ကြီးချုပ်ရာထူး ၅ ကြိမ်အထိ တာဝန်ထမ်းဆောင်ခဲ့ရတာပါ။

.

ဟော အခု ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး ဗီဂျေး လာပြန်ပါပြီ။

.

ရုပ်ရှင်ရိုက်ရင်တောင် မတရားမှုတွေကို ဆန့်ကျင်တဲ့ ဇာတ်လိုက်နေရာ၊ လူမိုက်တွေကို နှိမ်နှင်းတဲ့နေရာ၊ လူဆိုးတွေကို ပညာပေးတဲ့နေရာကနေပဲ အမြဲသရုပ်ဆောင်တဲ့ ဗီဂျေးဟာ ရုပ်ရှင်လောက ကနေ အနားယူပြီး သိပ်မကြာခင်မှာပဲ တမီလ်နာဒူရဲ့ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။

.

တမီလ်နာဒူ ပြည်နယ်သားတွေ အတွက်တော့ လုပ်တာကိုင်တာတွေက သိပ်ပြီး အဆင်ပြေမနေရင်တောင် အော်.. ကိုယ်ကြိုက်တဲ့မင်းသားပဲလေ ဆိုပြီး ဖြေတွေးလေး တွေးလို့ရမယ်ထင်ပါရဲ့။

.

ပြောရရင် တမီလ်နာဒူ ပြည်နယ်သားတွေက ရုပ်ရှင်နဲ့ပတ်သက်ပြီး တကယ်အရူးအမူး ဖြစ်ကြသူတွေပါ။ ရုပ်ရှင်ထဲက သရုပ်ဆောင်တွေရဲ့ ဒိုင်ယာလော့တွေ၊ သူရဲကောင်းဆန်မှုတွေနဲ့ ပရိသတ်ကို ဆက်ဆံပုံ တွေပေါ် မူတည်ပြီး အဲဒီသရုပ်ဆောင်ကို သဘောကျတတ်တာမျိုးပေါ့။

.

မီဒီယာတွေကတော့ ဗီဂျေးဟာ အဲဒီလိုပုံစံမျိုးနဲ့ တမီလ်နာဒူကို ချဉ်းကပ်ခဲ့တယ်ဆိုပေမဲ့ မတူညီတဲ့ အထောက်အပံ့တစ်ခုက သူ့ရဲ့အနောက်မှာ ရှိနေတာပါ၊ အဲဒါကတော့ လူငယ်တွေနဲ့ မိန်းကလေးတွေရဲ့ အင်အားစုပါပဲ။

.

ဗီဂျေးရဲ့မဲရလာဒ်တွေမှာ အသက် ၁၈ ကနေ ၃၉ နှစ်အရွယ် လူငယ်တွေရဲ့ မဲတွေက အဓိကကျခဲ့ပြီး ဗီဂျေးက ပြုပြင်ပြောင်းလဲမှုတွေ တကယ်လုပ်နိုင်မယ့်သူလို့ လူငယ်တွေက ယုံကြည်နေကြတာပါ။ အရင်ရွေးကောက်ပွဲ တွေမှာ မဲမပေးခဲ့တဲ့ မိန်းကလေးတွေတောင်မှ ဗီဂျေးအတွက်မဲပေးခဲ့ကြပြီး တမီလ်နာဒူရဲ့ မျှော်လင့်ချက် အသစ် ဆိုတဲ့စကားတွေက နေရာတိုင်းမှာ ကြားနေခဲ့ရတာပါ။

.

သုံးသပ်တဲ့သူတွေကတော့ ဗီဂျေးဟာ ဒီလမ်းကြောင်းကို လျှောက်ချင်လို့ သူ့ရဲ့ရုပ်ရှင်ကားတွေကိုတောင်မှ ရည်ရွယ်ချက်ရှိရှိ ရိုက်ခဲ့တယ်လို့ ဆိုနေကြပါတယ်။ ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်း ဗီဂျေး ရိုက်ကူးခဲ့တဲ့ ဇာတ်ကား တွေကိုကြည့်ရင် လူငယ်တွေနဲ့ဆိုင်တာတွေ၊ စာမေးပွဲဖိအားတွေ၊ အလုပ်လက်မဲ့ပြသနာတွေနဲ့ နိုင်ငံတွင်း ချစားမှုတွေအကြောင်းကို အခြေခံရိုက်ကူးထားတာတွေကိုပဲ တွေ့ရမှာပါ။

.

ပြောရရင် ဗီဂျေးက ဒီလိုတွေ လုပ်ခဲ့တယ်ဆိုပေမဲ့ သူ့ရဲ့နိုင်ငံရေးလမ်းက သိပ်ပြီးလွယ်နေတာလည်း မဟုတ်ပြန်ပါဘူး။ ဗီဂျေးက ၂၀၂၄ ခုနှစ်မှာ သူ့ရဲ့ပါတီဖြစ်တဲ့ TVK ပါတီကို တည်ထောင်ခဲ့ပြီး နိုင်ငံရေး လောကထဲ ဝင်လာခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၅ စက်တင်ဘာမှာ ပြုလုပ်တဲ့ ဗီဂျေးရဲ့မဲဆွယ်ပွဲကနေ လူပိ တာကြောင့် ၄၁ ယောက်အထိ သေဆုံးခဲ့ရပြီး လူ ၁၀၀ ကျော် ဒဏ်ရာရသွားခဲ့ကြပါတယ်။

.

ဒီအခြေအနေမှာ ဗီဂျေးတစ်ယောက် ဝန်ကြီးချုပ်ဖြစ်လာဖို့ မဖြစ်နိုင်တော့ဘူးလို့ သတ်မှတ်ခဲ့ကြပေမဲ့ သူ့ရဲ့ မဲဆန္ဒရှင်တွေက ဗီဂျေးကို မြန်မြန်ဆန်ဆန်ပဲ ခွင့်လွှတ်လိုက်ကြပုံ ပေါ်ခဲ့ပါတယ်။

.

နောက်တစ်ခုက တမီလ်နာဒူမှာ အဓိက နိုင်ငံရေးပါတီ နှစ်ခုဖြစ်တဲ့ DMK နဲ့ AIADMK တို့က ဆက်တိုက် ကြီးစိုးနေပြီး ဒေသခံတွေအတွက် ရိုးအီလာကြပြီမို့ အပြောင်းအလဲတစ်ခု တောင့်တနေချိန်နဲ့ ဗီဂျေး ရောက်လာချိန် အံကိုက်ဖြစ်သွားတာပါပဲ။

.

ပြီးခဲ့တဲ့နှစ်က DMK ပါတီ ရွေးကောက်ပွဲမှာ နိုင်သွားခဲ့ပြီး တမီလ်နာဒူရဲ့ ဝန်ကြီးချုပ်အဖြစ် အမ်ကေ စတာလင် တက်လာခဲ့ပေမဲ့ ဒီနှစ်မှာတော့ ဗီဂျေးကို မယှဉ်နိုင်ဘဲ ဖြစ်ခဲ့ရတာပါ။

.

တမီလ်နာဒူမှာတော့ DMK နဲ့ AIADMK ပါတီတွေက Dravidian လို့ခေါ်တဲ့ လူမှုတရားမျှတမှုနဲ့ လူမှုကူညီရေး အပေါ်အခြေခံတဲ့ နိုင်ငံရေးစနစ်ကို အသုံးပြုတာဖြစ်ပြီး ဒီစနစ်က ပြည်နယ်တွင်း စီးပွားရေးတိုးတက်မှုနဲ့ ထုတ်လုပ်မှုတိုးတက်မှုတွေကို ဖြစ်ပေါ်လာစေတာပါ။

.

ဗီဂျေးကတော့ သူ့ရဲ့နိုင်ငံရေးမူဝါဒက တခြားပါတီတွေနဲ့ တူချင်မှ တူနိုင်မှာဖြစ်ပေမဲ့ အဓိက ကတော့ ပြည်နယ်တွင်းက လူငယ်တွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ကျားမတန်းတူညီမျှမှုတွေနဲ့ ထောက်ပံ့မှု တွေပါပဲ။

.

ဗီဂျေးရဲ့ မဲဆွယ်ပွဲတုန်းက ကတိတွေကို ပြန်ကြည့်ရင် အမျိုးသမီးဦးဆောင်နေတဲ့ အိမ်ထောင်စုတွေအတွက် တစ်လကို ရူပီး ၂၅၀၀ ထောက်ပံ့မယ်၊ တစ်နှစ်ကို ဂက်စ်ဆလင်ဒါ ၆ လုံး အလကားပေးမယ်၊ အမျိုးသမီး တွေကို အစိုးရရဲ့ယာဉ်လိုင်းတွေ အခမဲ့စီးခွင့်ပေးမယ်၊ ဆင်းရဲတဲ့မိန်းကလေးတွေ လက်ထပ်တဲ့အခါ ရွှေပိုးထည်နဲ့လုပ်ထားတဲ့ ဆာရီတွေ ထောက်ပံ့မယ်၊ အိမ်ထောင်စုတွေကို လျှပ်စစ်မီတာ ယူနစ် ၂၀၀ ကင်းလွတ်ခွင့်ပေးမယ်၊ အလုပ်ရှာမရသေးတဲ့ ဘွဲ့ရတွေအတွက် တစ်လကို ရူပီး ၄၀၀၀ ထောက်ပံ့မယ်၊ ပညာရေးချေးငွေတွေ ချပေးမယ်၊ ကျန်းမာရေးအနေနဲ့ မိသားစုတစ်ခုကို ရူပီး ၂၅ သိန်း တန်ဖိုးရှိတဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးမယ်၊ ကျောင်းတွေနားမှာ အရက်သေစာမသောက်စားရဆိုတဲ့ နေရာတွေ လုပ်မယ်၊ လယ်သမားတွေရဲ့ အကြွေးတချို့ကို လျော့ပေးမယ်၊ သကြားနဲ့စပါးဈေးတွေ မြင့်လာဖို့ အာမခံချက် ပေးမယ်။ အများကြီးပါပဲ။

.

ပြောရရင် ဒီလောက်အများကြီး ကတိတွေပေးခဲ့တာဆိုတော့ လူတွေ စိတ်မဝင်စားဘဲ ဘယ်နေပါ့မလဲ။ တခြားပါတီတွေကလည်း အလားတူ ကတိတွေပေးကြတယ်ဆိုပေမဲ့ ရွေးကောက်ပွဲပြီးတဲ့ ကာလတွေမှာ သူတို့ ကတိပေးထားတာတွေထဲက အနည်းငယ်သာ လုပ်နိုင်ခဲ့တယ်ဆိုတာကို ဒေသခံတွေ သိပြီးကြပါပြီ။

.

ဗီဂျေးကတော့ အသစ်။ သူတို့ယုံကြည်ရတဲ့ မင်းသားဆိုတော့ ကတိအားလုံး မဟုတ်ရင်တောင် တော်တော် များများတော့ လုပ်ပေးမှာပဲလို့ လူငယ်တွေက ယုံကြည်ကြတာပါ။

.

ဒီကတိတွေကို တည်အောင်လုပ်ဖို့ ငွေကြေးအများကြီးလိုမယ်လို့ သုံးသပ်နေကြပေမယ့် ဗီဂျေးကတော့ ဝန်ကြီးချုပ်ဖြစ်သွားခဲ့ပါပြီ။

.

တမီလ်နာဒူရဲ့ နောက်ထပ် သရုပ်ဆောင်ဝန်ကြီးချုပ် တစ်ယောက်ပေါ့။

.

No comments:

Post a Comment

Pages