.
၂၀၂၆ ခုနှစ်၊ မေလ ၂၄ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ သာမိုင်းခမ်းကျေးရွာအုပ်စု၊
ကုန်းလွင်ကျေးရွာတွင် ယနေ့ မေလ ၂၄ ရက်၊ နံနက်ပိုင်းက ရှမ်းထိပ်တန်း ကုမ္ပဏီ၏ တန်
၇၀၀ အာလူးအအေးခန်းဖွင့်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.“မျိုးအာလူးတွေကို အဓိကထားပြီး ထိန်းသိမ်းနိုင်ဖို့ပါ။
မျိုးအာလူး သိုလှောင်ထားခြင်းအားဖြင့် မျိုးကောင်း မျိုးသန့် ရမယ်။ ရေရှည် ၆ လအထိထားပြီးတော့
မျိုးနားချိန် ထွက်နှုန်းပိုပြီး တိုးတက်အောင် ရည်ရွယ်တာပါ။ ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့
နည်းစနစ်နဲ့ စိုက်ပျိုးပြီး နိုင်ငံတော်ကို တစ်ဘက်တစ်လမ်းက ဝင်ငွေရစေပြီး တောင်သူတွေလည်း
လူနေမှုအဆင့်အတန်း ပိုမြင့်မားလာအောင် အအေးခန်း ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်” အအေးခန်း
တည်ထောင်သူ ရှမ်းထိပ်တန်းကုမ္ပဏီမှ ဦးမိုးသားက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အာလူးစိုက် တောင်သူများအနေဖြင့် အဆိုပါ အာလူးအအေးခန်းတွင်
အာလူး တစ်တန်လျှင် တစ်လ တစ်သိန်းကျပ်နှုန်းဖြင့် အာလူးများကို ထိန်းသိမ်းသိုလှောင်ထားရှိနိုင်မည်ဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်
စိုင်းထိန်စိုးက အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး ရှမ်းထိပ်တန်း အအေးခန်းတည်ဆောက်သူ
အင်ဂျင်နီယာ ဦးအောင်အောင်က တန် ၇၀၀ အအေးခန်း တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်နှင့် တောင်သူများအတွက်
အကျိုးကျေးဇူး ဖြစ်ထွန်းနိုင်မှုကို ရှင်းလင်း ပြောကြားကာ အအေးခန်းပိုင်ရှင် ဦးမိုးသားက
ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
.
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုးနှင့်
ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ရှမ်းထိပ်တန်း တန် ၇၀၀ အာလူးအအေးခန်း ဆိုင်းဘုတ်ကို
ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အမွှေးနံသာရည်များ ပက်ဖျန်းကာ အအေးခန်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်းလည်း
သိရသည်။
.
အာလူးကို ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်၊
ညောင်ရွှေမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့တွင်
အများဆုံး စိုက်ပျိုးကြပြီး ရှမ်းတောင်ဒေသထွက် အာလူးများကို မြန်မာတစ်နိုင်ငံလုံးသို့
အဓိက ဖြန့်ဖြူးပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment