ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်
ဒေသထွက် နာနတ်သီးများ စတင် ခူးဆွတ်နေပြီ ဖြစ်ကာ ဈေးကွက်သို့ တင်ပို့နေပြီ
ဖြစ်ကြောင်း နာနတ်စိုက်တောင်သူများထံမှ သိရသည်။
.
နာနတ်သီးကို
နမ့်စန်မြို့နယ်အပြင်
ရှမ်းပြည်နယ်တောင်ပိုင်း၌ ဆီဆိုင်၊ မိုင်းကိုင်နှင့် မိုင်းပန်မြို့နယ်များတွင်လည်း စိုက်ပျိုးကြပြီး
နာနတ်သီး စိုက်ပျိုးရာတွင် အသီးပေါ်ရှိ အပင်အား စိုက်ပျိုးလျှင် ၃
နှစ်အကြာတွင် လည်းကောင်း၊ ပင်စည်မှ ထွက်ရှိလာသော အတက်များကို
စိုက်ပျိုးလျှင် ၂ နှစ် အကြာတွင် လည်းကောင်း အသီးများ စတင်ခူးဆွတ်နိုင်ပြီး
ဇွန်လနှင့် ဇူလိုင်လများတွင် နာနတ်သီးများ ထွက်ပေါ်လေ့ရှိကြောင်း သိရသည်။
.
“ အခု စတင်ခူးဆွတ်တဲ့ ကာလမှာတော့ အလုံး အကြီး၊ အသေးပေါ် မူတည်ပြီး ဈေးကွက်ထဲ ဖြန့်ဖြူး ရောင်းချနေပါတယ်။ ခြံထွက်ဈေး အနေနဲ့ တစ်လုံးကို ၁၅၀၀ (ကျပ်) လောက် ရတာပေါ့။ ပွဲစားတွေကတော့ ဘယ်လောက် ပြန်ဖြန့်လည်းတော့ မသိဘူး။ နမ့်စန်ဈေးထဲမှာ တစ်လုံးကို ၄၀၀၀ နဲ့ ရောင်းနေကြတယ်။ အလုံး အကြီး/အသေးပေါ် မူတည်ပြီး ဈေးတော့ ကွာတာပေါ့။” ဟု နာနတ်စိုက် တောင်သူတစ်ဦးက ပြောသည်။
.
နာနတ်ပင်သည် နှစ်လတ်သီးနှံ အမျိုးအစားတွင်
ပါဝင်ပြီး သက်တမ်းမှာ ၇ နှစ်ခန့် ရှိပြီး
နာနတ်ပင် တစ်ကြိမ် စိုက်ပျိုးပြီးပါက ကျန်နှစ်များတွင်
ပေါင်း/ မြက်များ ရှင်းလင်းခြင်းနှင့် အပင်ပြုစုခြင်းအတွက် စရိတ်သာ ကုန်ကျပြီး
နှစ်စဉ် ဝင်ငွေ ရရှိသော သီးနှံ ဖြစ်ကြောင်း သိရသည်။
.
လက်ရှိတွင်
စက်သုံးဆီဈေး အပါအဝင် စစ်ဆေးရေးဂိတ်များ၌ ကြန့်ကြာမှုကြောင့် ကုန်စည်ပို့ဆောင်ရေး အခက်အခက်
ရှိနေသည့် အပြင် ပြည်ပသို့ တင်ပို့ရန်အတွက် အခက်အခဲများ ကြုံတွေ့လာနိုင်သည့်အတွက် တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) ထုတ်လုပ်ကြသည့် ဝိုင်လုပ်ငန်းရှင်များ၊ ဖျော်ရည် လုပ်ငန်းရှင်များနှင့် ယို လုပ်ငန်းရှင်များ၏ ခြံပြတ်လာရောက် ဝယ်ယူမှုကိုသာ အဓိကထား မျှော်လင့်ရသည်ဟုလည်း ဆိုသည်။
.
ရှမ်းပြည်နယ်
တောင်ပိုင်း မှ ထွက်ရှိလာသော နာနတ်သီးများအား ဒေသတွင်း အပြင် နေပြည်တော်၊
ရန်ကုန်မြို့များသို့ တင်ပို့ ရောင်းချလျက် ရှိကြောင်း သိရသည်။



No comments:
Post a Comment