.
၂၀၂၆ ခုနှစ်၊ မေလ ၂၄ ရက်
.
ဖိလစ်ပိုင်မြို့တော် မနီလာရဲ့ မြောက်ဖက်မှာရှိတဲ့
အိန်ဂျလိစ်မြို့မှာ ဆောက်လုပ်ဆဲ ၉ ထပ် အဆောက်အဦ တစ်ခု ပြိုကျခဲ့ပြီး လူပေါင်း ၄၀
လောက် ပိတ်မိနေတယ်လို့ မြို့တော်ရဲ့အာဏာပိုင်တစ်ဦးက ဆိုပါတယ်။
.
.ဒီနေ့မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့
တိုက်ပြိုကျမှုကနေ အနီးဝန်းကျင်မှာ ရှိနေတဲ့သူ ၈ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး
ဆောက်လုပ်ရေးဆိုက် တာဝန်ခံအပါအဝင် နောက်ထပ် ၁၁ ဦးက အသက်ဘေးကနေ လွတ်မြောက်လာခဲ့ ပါတယ်။
.
ဆိုက်တာဝန်ခံရဲ့ ပြောဆိုချက်အရ လူပေါင်း ၃၀ ကနေ
၄၀ အတွင်း ပျောက်ဆုံးနေတဲ့အကြောင်းနဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေတဲ့အကြောင်း
သိရပါတယ်။
.
အဆောက်အဦ ပြိုကျရတဲ့အကြောင်းရင်းကို မသိရသေးပေမဲ့လည်း
မြို့တော်အင်ဂျင်နီယာဌာနက ဆောက်လုပ်ရေး မှတ်တမ်းတွေကို လက်ရှိမှာ
ပြန်လည်စစ်ဆေးနေပါတယ်။ ကွန်ကရစ်နဲ့ တည်ဆောက်ထားတဲ့ အဆောက်အဦ ဖြစ်တာကြောင့်
အပျက်အစီးတွေကို ရွှေ့ပြောင်းဖို့ ခက်ခဲနေတဲ့ အခြေအနေဖြစ်နေပြီး
ကယ်ဆယ်ရေးလုပ်ငန်းတွေ အတွက်လည်း အခက်အခဲတွေရှိနေခဲ့တာပါ။
.
ပြိုကျရတဲ့အကြောင်းရင်းကို ထုတ်ပြန်ဖို့
စောသေးတဲ့အကြောင်းနဲ့ လက်ရှိမှာတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေကိုသာ
အာရုံစိုက်ထားမယ့်အကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
.
အဆောက်အဦးပြိုကျမှုကြောင့် လျှပ်စစ်မီးလိုင်းတွေ
ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး ဒေသခံပြည်သူတွေအနေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ
ပူးပေါင်းဆောင်ရွက်ပေးကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။
.

No comments:
Post a Comment