စာသင်ကျောင်းဆောင်တစ်ခုကို ယူကရိန်း တိုက်ခိုက်တယ်လို့ စွပ်စွဲလိုက်တဲ့ ပူတင်နဲ့ နောက်ဆုံးရ နိုင်ငံတကာ သတင်းတိုများ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, May 23, 2026

စာသင်ကျောင်းဆောင်တစ်ခုကို ယူကရိန်း တိုက်ခိုက်တယ်လို့ စွပ်စွဲလိုက်တဲ့ ပူတင်နဲ့ နောက်ဆုံးရ နိုင်ငံတကာ သတင်းတိုများ



ရုရှားသမ္မတ ပူတင် က ယူကရိန်းဖက်ကနေ ကျောင်းသားအဆောင် တစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲ ပြီးတဲ့နောက် ပြန်လည် တုန့်ပြန်သွားမယ်လို့ ကတိပြု ပြောကြားလိုက်ပါတယ်။ ပူတင်ရဲ့ ပြောကြားချက်အရ ရုရှားက ထိန်းချုပ်ထားတဲ့ ယူကရိန်းအရှေ့ပိုင်း လူဟန်စ်ဒေသ၊ စတာရိုဘီလ်စ်မြို့မှာ ညအချိန် ဒရုန်း တိုက်ခိုက်မှုကြောင့် လူ ၆ ဦး သေဆုံးပြီး ၃၉ ဦး ဒဏ်ရာရ ရှိခဲ့တယ်လို့ သိရတာပါ။
ယူကရိန်း စစ်တပ်ဖက်ကတော့ ရုရှားရဲ့ အထူးတပ်ဖွဲ့ ဖြစ်တဲ့ ရူဘီကွန်ဒရုန်းတပ်ရဲ့ ဌာနချုပ်ကို တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်းနဲ့ ရုရှားဖက်က ပြောတဲ့ အဆောက်အဦနဲ့ တူညီတာမျိုး မရှိတဲ့အကြောင်း ဖော်ပြသွားပါတယ်။ ရုရှား အစိုးရပိုင် ရုပ်သံဌာနကတော့ ဒဏ်ရာရ ကျောင်းသူတစ်ဦးလို့ ဆိုထားတဲ့ အသက် ၁၉ နှစ်အရွယ် ကျောင်းသူ တစ်ဦးကိုလည်း ပြသသွားခဲ့ပါတယ်။
.
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က အမေရိကန်တပ်ဖွဲ့တွေ နေရာချထားမှုအပေါ် အမြဲ ပြန်လည် သုံးသပ်မှုတွေ ရှိနေတဲ့အကြောင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ တာဝန် ဝတ္တရားတွေအပေါ် အခြေခံထားတဲ့အကြောင်း မနေ့က ပြုလုပ်ခဲ့တဲ့ NATO အစည်းအဝေးမှာ ပြောဆိုသွားခဲ့ပါတယ်။
အမေရိကန်အနေနဲ့ ဂျာမနီမှာရှိနေတဲ့ သူ့ရဲ့တပ်တွေကို ပြန်လည်ရုပ်သိမ်းမယ်လို့ ကြေညာခဲ့ပြီး ရက် အနည်းငယ် အကြာမှာပဲ ပိုလန်ကို စစ်သား ၅၀၀၀ ထပ်မံ ပို့ဆောင်မယ်လို့ ကြေညာခဲ့တာကြောင့် NATO ရဲ့ မဟာမိတ်နိုင်ငံတွေ အကြား ဆက်ဆံရေး ရှုပ်ထွေးမှုတွေ ဖြစ်လာခဲ့တာပါ။ NATO ဝန်ကြီးတွေ အစည်းအဝေး ကျင်းပနေချိန် အတွင်းမှာပဲ ထရမ့်က ပိုလန် ကို စစ်သားတွေ ထပ်ပို့မယ့် အကြောင်း ကြေညာခဲ့ပြီး ပိုလန်သမ္မတ နော်ရော့ကီ နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေတာကြောင့် အခုလို စစ်အင်အား ထပ်မံ ပို့ဆောင်ရတာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
.
အရှေ့အလယ်ပိုင်း နိုင်ငံရေး သုံးသပ်သူ တစ်ယောက်ဖြစ်တဲ့ ကမ်းဘဲလ် က ထရမ့် ဟာ အီရန်နဲ့စစ်ပွဲ အချိန်ကြာလာတာနဲ့အမျှ နောက်ဆုတ်ရဖို့ ပိုမို နီးကပ်လာတဲ့အကြောင်း သုံးသပ်လိုက်ပါတယ်။
တီဟီရန်က စီးပွားရေး ဖိအားပဲ ဖြစ်ဖြစ်၊ လုံခြုံရေး ဖိအားပဲ ဖြစ်ဖြစ် ခံနိုင်ရည်ရှိခဲ့ပါတယ်။ အထူးသဖြင့် နောက်ဆုံး ရက်သတ္တပတ်အတွင်း လုံခြုံရေးပိုင်းက ဖိအားတွေကိုလည်း ခံနိုင်ရည် ရှိခဲ့တယ်။ ဒါကြောင့်မို့ အီရန်က ယုံကြည်မှု ပို ရှိနေတဲ့ အနေအထားပါ။
ဒါပေမယ့် ထရမ့်ဖက်ကတော့ စစ်ပွဲ ကုန်ကျစရိတ်တွေ၊ ရေနံဈေး မြင့်လာတာတွေနဲ့ နိုင်ငံတွင်း စီးပွားရေး အခြေအနေတွေကြောင့် အိမ်ဖြူတော်က ဖိအား ပေးမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒါကြောင့်ပဲ အီရန်နဲ့ စစ်ပွဲက မကြာခင် ပြီးလိမ့်မယ်လို့ သူ မကြာခဏ ပြောနေခဲ့ရတာပါ။ ဒီအတိုင်းဆို အချိန်ကြာလာတာနဲ့အမျှ အခြေအနေ မကောင်းတဲ့သူက ဒေါ်နယ်ထရမ့်ပဲ ဖြစ်သွားလိမ့်မယ်” လို့ ကမ်းဘဲလ်က သုံးသပ်ထားပါတယ်။
.
အီရန် နိုင်ငံခြားရေးဝန်ကြီး အေရက်ချီ က ကုလသမဂ္ဂအတွင်းအရေးမှုးချုပ် ဂူတာရက်စ်နဲ့ ဖုန်းပြောရာမှာ အမေရိကန်ရဲ့ အလွန်အကျွံ တောင်းဆိုနေမှုတွေကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မအောင်မြင်တာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ အေရက်ချီရဲ့ ပြောစကားအရ အမေရိကန်ဖက်က ကတိ ပျက်မှုတွေ၊ ရပ်တည်ချက် မညီမျှတာတွေ၊ စစ်ရေး ဖိအားတွေကနေ သံတမန်ရေးရာကို ပျက်ပြားစေတာတွေက ဆွေးနွေးပွဲကို မအောင်မြင်ရတဲ့ အကြောင်းရင်းလို့ သိရတာပါ။
ဂူတာရက်စ်ကတော့ ကုလအနေနဲ့ ဘယ်လိုနိုင်ငံရဲ့ အချုပ်အခြာ အာဏာမျိုးကို မဆို အင်အားသုံး တိုက်ခိုက်ပြီး ရယူတဲ့အပေါ် ကန့်ကွက်တဲ့အကြောင်း နဲ့ ဒေသတွင်း တည်ငြိမ်မှုအတွက် သံတမန် နည်းလမ်းတွေနဲ့ ဖြေရှင်းသင့်တဲ့အကြောင်း တိုက်တွန်းသွားခဲ့ပါတယ်။
.
#KBZTai #Shan #International

No comments:

Post a Comment

Pages