ထရမ့် ပြန်သွားပြီး တစ်ပတ် မပြည့်ခင်မှာဘဲ တရုတ်ကို ရောက်လာခဲ့တဲ့ ပူတင် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, May 20, 2026

ထရမ့် ပြန်သွားပြီး တစ်ပတ် မပြည့်ခင်မှာဘဲ တရုတ်ကို ရောက်လာခဲ့တဲ့ ပူတင်



အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြန်သွားပြီး တစ်ပတ် မပြည့်ခင်မှာဘဲ ရှီကျင့်ဖျင် ဟာ နောက်ထပ် ထိပ်တန်းခေါင်းဆောင် တစ်ယောက် ရောက်လာတာကို ဧည့်ခံဖို့ ဖြစ်လာပြန်ပါတယ်။ ဒီတစ်ခါကတော့ ရုရှားသမ္မတ ပူတင်ဖြစ်ပြီး မနေ့က ညပိုင်းမှာ အစိုးရအဆင့် ခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို ရောက်လာတာပါ။
.
ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးအခြေအနေတွေ မတည်ငြိမ်မှုတွေကြားမှာ တရုတ်နဲ့ ရုရှားက ရင်းနှီးမှု ရှိနေတယ် ဆိုတာကို ပြသဖို့ ပူတင် က ရည်ရွယ်နေပြီး တရုတ်နဲ့ ဆက်ဆံရေးကို တိုးမြှင့်ဖို့ ကြံနေပုံပါ။
ဘေဂျင်းနဲ့ မော်စကို နှစ်ဖက်စလုံးက ထရမ့် ဦးဆောင်နေတဲ့ အမေရိကန်နဲ့ ဆက်ဆံရေး ပြောင်းလဲလာမှုတွေကို ကိုင်တွယ်နေရပြီး အမေရိကန်နဲ့ အီရန် ပြဿနာမှာ ဘယ်လိုနေရာကနေ ပါဝင်ကြရမလဲ ဆိုတာကို စဉ်းစားနေကြပုံ ပေါ်ပါတယ်။
.
ပြောရရင် ကိုယ့်ဘာသာ ပြဿနာတွေကြား တိုင်ပတ်နေတဲ့ ကမ္ဘာ့ခေါင်းဆောင် နှစ်ဦးက ရှီကျင့်ဖျင် ကို လာပြီး ဆက်တိုက်ဆိုသလို တွေ့ဆုံနေကြတာဟာ အဓိပ္ပာယ် တစ်ခုခုတော့ ရှိနေတာ အမှန်ပါ။ အမေရိကန်က အီရန်နဲ့ တိုင်ပတ်နေသလို၊ ရုရှားကလည်း ယူကရိန်းနဲ့ ပြဿနာ ရှည်နေပါတယ်။ ဒီပြသနာတွေမှာ တရုတ်က တိုင်ပင်ဖော် တိုင်ပင်ဖက် နေရာ ဆိုတာထက် ဘယ်လို ကူညီမလဲ၊ ဘယ်လို ဝင်ပါမလဲဆိုတာ စဉ်းစားရတော့မယ့် အခြေအနေဆီ ဦးတည်နေပြန်ပါတယ်။
.
နိုင်ငံရေး သုံးသပ်သူတွေကတော့ တရုတ်နဲ့ ရုရှားဟာ အမေရိကန် တိုင်ပတ်နေချိန်မှာ အမေရိကန် ဦးဆောင်နေတဲ့ ကမ္ဘာ့နိုင်ငံရေး ပါဝါကို လျော့ချပစ်ဖို့ စီစဉ်လာနိုင်တယ်လို့ ဆိုပါတယ်။
ဒီတစ်ပတ် ခရီးစဉ်က ပူတင်ရဲ့ သမ္မတသက်တမ်း အနှစ် ၂၀ ကျော်အတွင်း တရုတ်နိုင်ငံဆီ ၂၅ ကြိမ်မြောက် လာရောက်မှုပါ။ ဒီကာလအတွင်းမှာ တရုတ်နဲ့ ရုရှားဟာ ကုန်သွယ်ရေး၊ လုံခြုံရေးနဲ့ သံတမန်ရေးရာတွေ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး အမေရိကန်အပေါ် အယုံအကြည် မရှိမှုက ပူတင်နဲ့ ရှီ ကို ပိုလို့ နီးကပ်လာစေခဲ့ပါတယ်။ သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် “ချစ်ရတဲ့ မိတ်ဆွေ” ဒါမှမဟုတ် “မိတ်ဆွေဟောင်းကြီး” လို့ ခေါ်လေ့ ရှိပြီး နှစ်ယောက်ကြား အကြိမ် ၄၀ ကျော် တွေ့ဆုံထားကြပါတယ်။
.
တရုတ်ခရီးစဉ် မတိုင်မီ မှာ ပူတင်က ရုရှားနဲ့ တရုတ် ဆက်ဆံရေးဟာ မကြုံဖူးတဲ့အဆင့် ရောက်နေပြီလို့ ချီးကျူးထားပြီး နှစ်နိုင်ငံရဲ့ အခြေခံ အကျိုးစီးပွားတွေ၊ ကာကွယ်ရေးကိစ္စတွေ အပေါ် တစ်ဖက်ကို တစ်ဖက် ထောက်ခံနေကြတယ် လို့ ပြောထားတာပါ။

.

တရုတ်အစိုးရရဲ့ မီဒီယာတွေကလည်း ဒီခရီးစဉ် မတိုင်မီလေးမှာ တရုတ် နဲ့ ရုရှားဆက်ဆံရေးကို ချီးမွမ်းခန်း ဖွင့်ခဲ့ကြပြီး တရုတ်နိုင်ငံဟာ ကမ္ဘာ့သံတမန်ရေးရာရဲ့ ဗဟိုချက်ဖြစ်လာနေတယ်လို့ လေပြေသွေးနေကြပါတယ်။
ရှီနဲ့ထရမ့်ရဲ့ မကြာသေးခင်က တွေ့ဆုံမှု၊ ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်း စစ်ပွဲတွေ၊ စွမ်းအင်၊ ကုန်သွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေဟာ ရှီနဲ့ ပူတင်တို့ တွေ့ဆုံပွဲရဲ့ အဓိက ခေါင်းစဉ်တွေ ဖြစ်လာမှာပါ။
,
ပူတင်အနေနဲ့ အမေရိကန်နဲ့ တရုတ်ရဲ့ သံတမန်လှု ပ်ရှားမှု နီးကပ်ချိန်မှာ တွေ့ဆုံခဲ့တာဟာ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်က ထရမ့် ကျမ်းသစ္စာကျိန်ဆိုပြီး နာရီပိုင်းအတွင်းမှာပဲ ပူတင်က ရှီကျင့်ဖျင်ဆီ ဖုန်းခေါ်ခဲ့ဖူးပါသေးတယ်။
.
#KBZTai #Shan #International #Putin #Russia

 

No comments:

Post a Comment

Pages