နမ့်ဆန်တွင် ပထမအကြိမ် နိုင်ငံတကာလက်ဖက်နေ့ အခမ်းအနား ကျင်းပ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, May 22, 2026

နမ့်ဆန်တွင် ပထမအကြိမ် နိုင်ငံတကာလက်ဖက်နေ့ အခမ်းအနား ကျင်းပ

.

၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်

.

TNLA ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်စန်မြို့တွင် ယမန်နေ့ မေလ ၂၁ ရက်က ပလောင် လက်ဖက် စိုက်ပျိုးထုတ်လုပ် သူများအသင်းက ဦးဆောင်၍ ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ လက်ဖက်နေ့ (International Tea Day) အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

.

.

တအာင်းဒေသ၏ အဓိကဒေသထွက်ကုန်ဖြစ်သည့် လက်ဖက်၏ တန်ဖိုးနှင့် ဈေးကွက်အလားအလာများကို ပိုမိုဖော်ထုတ်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ လက်ဖက်နေ့ ပွဲတော်ကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

.

အခမ်းအနားတွင် ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း နာယက ဦးအောင်ကြီးက နိုင်ငံတကာလက်ဖက်နေ့၏ နောက်ခံသမိုင်းကြောင်းနှင့် လက်ဖက်ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာ များကို ရှင်းလင်းပြောကြားခဲ့ပြီး အသင်းဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်းက တအာင်းဒေသရှိ လက်ဖက်စိုက်ပျိုး ထုတ်လုပ်မှုအခြေအနေများ၊ အရည်အသွေးမြှင့်တင်ရေးနှင့် ပြည်တွင်းပြည်ပ ဈေးကွက်ချဲ့ထွင်နိုင်ရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

.

အဆိုပါ အပြည်ပြည်ဆိုင်ရာ လက်ဖက်နေ့ ပွဲတော်တွင် လက်ဖက်စို၊ ဒယ်အိုးလှော်လှန်း၊ Green Tea စသည့် လက်ဖက်ပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပခဲ့ပြီး လက်ဖက်ပညာရှင်များက ဒိုင်အဖြစ် အကဲဖြတ်ကာ ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

 .

အခမ်းအနားအတွင်း တအာင်းဒေသရှိ လက်ဖက်ကုမ္ပဏီများက လက်ဖက်ခြောက်၊ Green TeaRed Tea၊ အချိုခြောက်၊ လက်ဖက်စို၊ လက်ဖက်နှပ်နှင့် လက်ဖက်ညွှန့်စသည့် ဒေသထွက်လက်ဖက်ထုတ်ကုန်မျိုးစုံကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

.

နိုင်ငံတကာလက်ဖက်နေ့ကို နှစ်စဉ် မေလ ၂၁ ရက်တွင် ကျင်းပလေ့ရှိပြီး လက်ဖက်စိုက်ပျိုးထုတ်လုပ်သူ များ၏ အခန်းကဏ္ဍ၊ လက်ဖက်လုပ်ငန်း၏ စီးပွားရေးအရေးပါမှုနှင့် လက်ဖက်ယဉ်ကျေးမှုများကို ပိုမို အသိအမှတ်ပြုနိုင်ရန် ရည်ရွယ်၍ ကမ္ဘာတစ်ဝှမ်း ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

.

Photo – Ta’ang Land News

.

No comments:

Post a Comment

Pages