အေးသာယာတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ ရှိနေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, May 24, 2026

အေးသာယာတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ ရှိနေ

.

၂၀၂၆ ခုနှစ်၊ မေလ ၂၄ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုများ ရှိနေပြီး ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ထံက သိရသည်။

.

.

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ စက်မှုဇုန်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် အလုပ်သမား ၂၀ ဦးခန့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သလို ယနေ့ မေလ ၂၄ ရက်တွင်လည်း အေးသာယာမြို့၊ အား/ကာသိပ္ပံကျောင်းအနီးရှိ 117 ဆောက်လုပ်ရေးစီမံကိန်း လုပ်ငန်းခွင် အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေကြောင်း သတင်းရသဖြင့် ကွင်းဆင်းစစ်ဆေး စုံစမ်းမှုများ ပြုလုပ်နေကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

“အေးသာယာမှာ ပြီးခဲ့တဲ့ တစ်ပတ် က (ဝမ်းပျက်ဝမ်းလျှော) အယောက် ၂၀ ဖြစ်ပါတယ်။ အဲဒါလည်း ကုသရေးတွေကော အကုန်လုံး လုပ်ပေးပြီး ပါပြီ။ စစ်ကြည့်လိုက်တော့ အဓိက ရေနဲ့ အစားအစာ မသန့်လို့ ဖြစ်တာပါ။ ဒီနေ့လည်း သတင်းရလို့ သွားရောက်စုံစမ်းစစ်ဆေးတာတွေ လုပ်နေပါတယ်။ ကာလဝမ်းရောဂါ တော့ ဒီနေ့အထိ ရှမ်းတောင်မှာ ဖြစ်တာ မရှိသေးပါဘူး” ဟု ၎င်းက ပြောသည်။

.

ကျန်းမာရေးဦးစီးဌာနအနေဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိုးရာသီ မရောက်မီ ရေတွင်းရေကန်များကို ကလိုရင်းဆေးခတ်သည့် လုပ်ငန်းကို လုပ်ဆောင်ပေးလျက်ရှိပြီး ရေကို ကြိုချက်သောက်သုံးရန်လည်း စဉ်ဆက်မပြတ် ပညာပေးလျက်ရှိကြောင်း သိရသည်။

.

ထို့အပြင် မကြာမီတွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်တော့မည်ဖြစ်ရာ ကလေးငယ်များတွင် ဝမ်းပျက် ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ စာသင်ကျောင်းများတွင် ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ပြီး ကျောင်းမဖွင့်မီ အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

.

​“သောက်ရေကို ကျိုချက်ထားသော ရေနွေး သို့မဟုတ် ကလိုရင်းခတ်ထားသော ရေသန့်ကိုသာ သောက်ပါ။ အစာမစားမီနဲ့ အိမ်သာတက်ပြီးတိုင်း လက်ကို ဆက်ပြာနဲ့ စနစ်တကျ ဆေးပါ။ အိမ်သာအသုံးပြုရာမှ မစင်နဲ့ ညစ်ညမ်းရေတွေကို ယင်လုံအိမ်သာအတွင်း စွန့်ပစ်ပြီး ပိုးသတ်ဆေး သုံးပါ။ အစားအသောက် စားရာမှာ လည်း ယင်မနားတဲ့ ပူပူနွေးနွေး ချက်ပြုတ်ထားတဲ့ အစားအစာများကိုသာ စားသုံးပါ” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

.

ကိုယ်ပိုင်ကျောင်းနှင့် ဘော်ဒါဆောင်အချို့တွင်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုကို ကြိုတင် ကာကွယ်နိုင်ရန်အတွက် ကျောင်းနှင့် ဘော်ဒါဆောင်များကို ယာယီ ပိတ်ပေးထားသည်ဟု သိရသည်။

.

No comments:

Post a Comment

Pages