အထက်တန်း ကျောင်းတက်စဉ်က တောင်ကြီးမြို့မှာ သမိုင်းအစဉ်အလာကြီးတဲ့ ကျောင်းတော်ကြီး တစ်ခုမှာ တက်ရောက် ပညာသင်ကြားခွင့် ရခဲ့တယ်။ သက္ကရာဇ်အားဖြင့် ၁၉၉၂ ခုနှစ် ပတ်လည်။ အမှတ်(၇) အခြေခံပညာ အလယ်တန်းကျောင်းကနေ ၈ တန်း အောင်ပြီး ၉ တန်း တက်ရောက်ခွင့်ရတဲ့ အချိန်ကာလ။ ၈ တန်းကို မထိတထိလေး အောင်တာ ဆိုတော့ ၉ တန်းတော့ ဝိဇ္ဇာတွဲ။ ဘောဂဗေဒ ဘာသာရပ်ကို အင်္ဂလိပ်လို သင်ကြားရတဲ့ အချိန်။
.
ကျောင်းအုပ်ကြီး အဖြစ် ဆရာမကြီး ဒေါ်နန်းစုစုစံ တာ၀န်ယူ ဆောင်ရွက်ချိန်
ဖြစ်ပါတယ်။ ဆရာမကြီး က စည်းကမ်းပိုင်းဆိုင်ရာ အလွန် ကောင်းတယ်။ ကျောင်းတော်ကြီးမှာ
တက်ရောက် ပညာသင်ကြား သူတိုင်းကို ရင်၀ယ် သားသမီးများလို ပြုစုတယ်။
ကြပ်မတ်ထိန်းသိမ်းစရာ အကြောင်းဖန်လာရင်လည်း ကျောသားရင်သား မခွဲခြားဘဲ ဆောင်ရွက်တတ်ပါတယ်။
ကိုယ်တွေလို ခပ်ဆိုးဆိုး၊ ခပ်ပေပေ ကျောင်းသားတွေ ဆရာမကြီး ရုံးခန်းကို
ဦးတိုက်ရတာ အကြိမ်ကြိမ်။ (သက်ရှိထင်ရှား ဘော်ဒါများ မှတ်မိကြလိမ့်မယ် ထင်ပါတယ်)။
.
ကျောင်းသက်တမ်း ကုန်လို့ ပြင်ပလောက ရောက်ချိန်မှာ မထင်မှတ်ဘဲ စာပေအ၀န်းအဝိုင်း
တစ်ခုထဲ လမ်းချော်ပြီး ရောက်သွားတယ်။ မထင်မရှား စာရေးသူတစ်ဦး အဖြစ်နဲ့ ဆိုရမှာပေါ့။
မဂ္ဂဇင်းတချို့ ဂျာနယ်တစ်ခုမှာ စာတွေ ရေးနေရင်း အဖုံးပြာပြာနဲ့ စာအုပ်တစ်အုပ်ကို စာအုပ်စင်လေးတစ်ခုမှာ
တွေ့လိုက်တယ်။ စာအုပ်နာမည်က မိုးပြာအောက်က သံလွင်။ ရေးသားသူအမည်က
နန်းနန်း(ရှမ်းပြည်)။
ဘာသာပြန် စာအုပ်လေး တစ်အုပ်။
.
သံလွင်အမည် ပါတဲ့စာအုပ်လေးကို ကြည့်ရင်း စာအုပ်ကို ဘာသာပြန် ပြုစုရေးသားသူက
ဆရာမကြီး ဒေါ်နန်းစုစုစံ ဖြစ်နေတာ သိလိုက်ရပါတယ်။ မူရင်း ရေးသားသူက ၁၉၀၆ ခုနှစ်ကနေ
ဆယ်စုနှစ် ၂ ခု နီးပါး ကမ္ဘောဇကျောင်း ကျောင်းအုပ်ကြီး တာ၀န်ယူ ဆောင်ရွက်သွားတဲ့ ဗြိတိသျှလူမျိုး
ကျောင်းအုပ် ဆရာကြီးရဲ့ သမီး။ အဲဒီခေတ်ကာလက တောင်ကြီးမြို့နဲ့ ရှမ်းပြည်တစ်ခွင်ကို
သူတို့ မိသားစု နေထိုင်သွားလာခဲ့ပုံတွေကို မှတ်တမ်းတင်ပုံစံမျိုး ရေးသားထားတဲ့
စာအုပ် တစ်အုပ် ဖြစ်ပါတယ်။
.
တောင်ကြီးမြို့ကို ၁၈၉၄ ခုနှစ်မှာ စတင်တည်တယ်လို့ မှတ်တမ်းများအရ သိရပါတယ်။
မြို့ တည်ထောင်စဉ် ကဗြိတိသျှအရာရှိ ဟေဒီဘရမ်းက ဦးဆောင်တည်ထောင်တာ ဖြစ်တဲ့အတွက် အစဦးပိုင်းမှာ
မြို့အမည်ကို ဟေဒီဘရမ်း မြို့အဖြစ် အသုံးပြုသေးကြောင်း မှတ်တမ်းတချို့အရ သိရပါတယ်။
နောက်ပိုင်း ဒေသခံတွေရဲ့ အသံထွက်အတိုင်း တောင်ကြီးမြို့လို့သာ အမည်တွင်တယ်လို့ ဆိုကြပါတယ်။
.
ရှမ်းပြည်စော်ဘွားသားများ တက်ရောက်ခွင့်ရတဲ့ ကမ္ဘောဇကျောင်းကို မြို့တည်ပြီး ၈ နှစ်အကြာ ၁၉၀၂ ခုနှစ်မှာ တည်ထောင်တယ်လို့ သိရှိရပါတယ်။ ဖွင့်လှစ်စဉ်က စော်ဘွားသားများသာ တက်ရောက်ကြတဲ့အတွက် ကျောင်းတော်ကြီးက ခေတ်မီ ခမ်းနားလွန်းတယ်လို့ ဆိုစမှတ်ပြုကြပါတယ်။ ကျောင်းဆောင်တွေကိုလည်း ဥရောပပုံစံ ဗြိတိသျှ လက်ရာတွေနဲ့ တည်ဆောက်ထားတယ်လို့ ဆိုကြပါ တယ်။
မင်းတုန်းမင်း လက်ထက် ဘုရင့်သားတော်တွေ ဆရာ မတ်ကြီး ကျောင်းတက်စဉ်က မင်းညီမင်းသားတွေ ကျောင်းတက်ဖို့ လာရင် နောက်ပါအချွေအရံ များစွာနဲ့ ကျောင်းကို လာကြတယ်လို့ ဆိုကြပါတယ်။ ထို့အတူပါပဲ၊ ရှမ်းပြည် ကမ္ဘောဇကျောင်းကို စော်ဘွားသားများ ကျောင်းလာတက်ချိန်မှာလည်း နောက်လိုက်နောက်ပါ ချွေရံသင်းပင်းများနဲ့ လာရောက်ကြတယ်လို့ ဆိုကြပါတယ်။ စော်ဘွားသားများ ကျောင်းတက်ဖို့ လာချိန်ဆိုရင် လမ်းမတလျှောက် မြို့တွင်းနေထိုင်သူတွေက ဂါရ၀ပြုကြတယ်လို့လည်း မှတ်တမ်းများအရ သိရပါတယ်။
.
ကျောင်း စတင်ဖွင့်လှစ်စဉ်က အုပ်ချုပ်ရေးပိုင်းနဲ့ သင်ကြားရေးကို ဗြိတိသျှတွေက တာ၀န်ယူပြီး အထွေထွေ အလုပ်များကိုတော့ အိန္ဒိယတိုင်းရင်းသားများက လုပ်ဆောင်ကြပါတယ်။ ဒေသခံတိုင်းရင်းသား အနည်းငယ်သာ ပါတယ်လို့ ဆိုပါတယ်။ စော်ဘွားသားများဟာ ကမ္ဘောဇကျောင်းကတစ်ဆင့် အနောက်နိုင်ငံတွေ အထိ တက်ရောက် ပညာသင်ကြားခဲ့ကြပြီး အနာဂတ်နိုင်ငံတော်ကြီးကို လက်တွဲညီညီ တည်ဆောက်ဖို့ လုံ့လ ပြုခဲ့ကြတယ်လို့ မှတ်တမ်းတချို့အရ သိရှိရပါတယ်။
.
၁၉၀၂ ခုနှစ်မှာ အစပြုခဲ့တဲ့ ကျောင်းတော်ကြီးက အခုဆိုရင် နှစ်ပေါင်း ၁၂၀ ကျော် သက်တမ်း ရှိလာ ခဲ့ပြီ ဖြစ်ပါတယ်။ တောင်ကြီးမြို့ရဲ့ ရှေးအကျဆုံး ကျောင်းတော်ကြီးလို့လည်း ဆိုနိုင်ပါတယ်။ အစပြုခဲ့တဲ့ အချိန်ကနေ လက်ရှိအချိန်ထိ ပညာတတ်များကို မွေးထုတ်ပေးနေဆဲ ကျောင်းတော်ကြီး တစ်ခုပါ။ အနာဂတ်မှာလည်း အနာဂတ်နိုင်ငံတော်ကို ဆက်လက် တည်ဆောက်မယ့် လူငယ်ပညာတတ်တွေကို ဆက်ပြီး မွေးထုတ်ပေးနေဦးမှာ ဖြစ်ပါတယ်။
.
ကမ္ဘောဇကျောင်း၊ စော်ဘွားကျောင်း ဆိုတဲ့ အမည်နာမတွေနဲ့ ကျောင်းတော်ကြီးက လက်ရှိကာလမှာတော့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းအဖြစ် ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမြို့မှာ ခမ်းနားထည်ဝါစွာ တည်ရှိနေဆဲ ဖြစ်ပါတယ်။ အဆောက်အဦဟောင်း တချို့ ကျန်နေသေးသလို အသစ်တွေလည်း အစားထိုး ၀င်ရောက် နေရာယူလာပါတယ်။
.
အသစ်တွေ ရောက်လာရင် အဟောင်းတွေ ဖယ်ရတာ လောကသဘာ၀ဆိုပေမယ့် တချို့သော အဟောင်းတွေရဲ့ တန်ဖိုးက ကြီးလွန်းပါတယ်။ အသစ်တွေကို နေရာပေးပြီး လက်ကျန် အဟောင်းတချို့ကို တန်ဖိုးထား ထိန်းသိမ်းနိုင်ဖို့ လိုအပ်ပါတယ်။ ၁၉၄၅ ခုနှစ်မှာ Ellen Thorp က Quiet Skies On Salween ဆိုတဲ့ ခရီးသွားသမိုင်း စာအုပ်ထဲမှာ ကျောင်းတော်ကြီး အကြောင်းကို ခမ်းခမ်းနားနား ရေးဖွဲ့ခဲ့တယ်။
.
❏ အောင်ဆန်းဝင်း


.jpg)
.jpg)
No comments:
Post a Comment