ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် စာရေးဆရာအသင်း၏ နှစ်ပတ်လည် အစည်းအဝေးနှင့် အလုပ် အမှုဆောင်အဖွဲ့သစ် ရွေးချယ်တင်မြှောက်ပွဲကို ယမန်နေ့ မေလ ၂၂ ရက်၊ နံနက်ပိုင်းက ကလောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အစည်းအဝေးတွင် သဘာပတိ ဦးကိုကိုကြီး (သက်မောင်-ကလော) က အမှာစကား
ပြောကြားပြီး အတွင်းရေးမှူး ဦးဇော်သိန်းရည် (ရဲရဲရည်)၊ ဦးအောင်ချစ်
(အောင်ချစ်-ဟဲဟိုး)၊ ဦးမြင့်ငွေ (ချမ်းမြဆောင်း-ကလော) နှင့် ဒေါ်မြသီတာဆန်း
(မြသီတာ-ကလော)တို့က အသင်း၏ ဆောင်ရွက်ချက်များနှင့် အားသာချက်၊ အားနည်းချက်များကို
ဆွေးနွေးခဲ့ကြောင်း သိရသည်။
.
ထို့နောက် အမှုဆောင်အသစ် ရွေးချယ်တင်မြှောက်ပွဲကို ဆက်လက်ကျင်းပရာ
မူလ အလုပ်အမှုဆောင်အဖွဲ့ အတိုင်း ဆက်လက် ထားရှိ ဆောင်ရွက်ရန် တက်ရောက်လာသူများက
အများသဘောတူ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
.
“လုပ်ထုံးလုပ်နည်းနဲ့ အညီ လုပ်မယ်ဆိုရင် တစ်ဦးချင်းက လျှို့ဝှက်မဲ ပေးစနစ်နဲ့
ဖြစ်စေ၊ တစ်ဦးက အဆိုတင်ပြီး ထောက်ခံတာ/ကန့်ကွက်တာ လုပ်ရပါမယ်။ အခုကလောမှာ လုပ်ခဲ့တာက
ဗြောင်မဲစနစ်လို့ ပြောရမယ်။ အဆို တင် ထောက်ခံတဲ့ ပုံစံနဲ့ လုပ်ခဲ့တာပါ။
လျှို့ဝှက်မဲ စနစ်နဲ့ သွားရင်လည်း ဒီအဖြေပဲ ထွက်လာမှာ ဖြစ်တဲ့ အတွက် အချိန်ကုန် သက်သာအောင်
အခုလို လုပ်လိုက်တာပါ။ ကိုယ်တို့ အသင်းမှာက အစည်းအဝေး မလုပ်ခင် ကတည်း က မူလအတိုင်း
ထားဖို့ ဆန္ဒ ရှိကြတဲ့အတွက် အကျဉ်းချုပ်လိုက်တာပါ” ဟု ကလောမြို့နယ် စာရေးဆရာ အသင်း
ဥက္ကဋ္ဌ ဦးကိုကိုကြီး (သက်မောင်-ကလော) က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အစည်းအဝေးသို့ ကလောမြို့နယ် စာရေးဆရာအသင်း၏ အသင်းဝင် ၁၅ ဦး
ရှိသည့်အနက် ၁၀ ဦး တက်ရောက်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဦးကိုကိုကြီး၊
အတွင်းရေးမှူးအဖြစ် ဦးဇော်သိန်းရည်၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးအောင်ချစ်၊
အမှုဆောင်အဖြစ် ဒေါ်မြသီတာဆန်း နှင့် ဦးထွန်းဝင်းတို့ကို
ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
.
အလုပ်အမှုဆောင်သစ် ရွေးချယ်ပွဲတွင် လုပ်ထုံးလုပ်နည်းနှင့် အညီ
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ကိုယ်စားလှယ်တစ်ဦး၊
မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူးနှင့် အရွေးချယ် မခံလို သော
အသင်းသား တစ်ဦးတို့က ကြီးကြပ်ရေးအဖွဲ့အဖြစ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
.
#KBZTai #Shan #KaLaw
.

No comments:
Post a Comment