.
၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက်
.
အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ ဝတ္တုတွေရဲ့အော်စကာဆုလို့
တင်စားကြတဲ့ Booker Prize ဆုကို ထိုင်ဝမ် စာရေးဆရာ
ယန်ရွှမ်ဇီနဲ့ ဘာသာပြန် လင်ကင်း တို့က ရရှိသွားခဲ့ကြပါတယ်။ ယန်ရွှမ်ဇီ ရဲ့ Taiwan
Travelogue စာအုပ်က ဒီဆုကို ရရှိသွားခဲ့တာဖြစ်ပြီး ဒီဝတ္တုက
ကိုလိုနီခေတ်နောက်ခံအကြောင်းအရာတွေ၊ အစားအသောက်အကြောင်းတွေနဲ့
ဟာသဆန်ဆန်ရေးသားထားတဲ့ စာအုပ်တစ်အုပ်ပါ။
.
လန်ဒန်မြို့မှာရှိတဲ့ Tate Modern ပြတိုက်မှာ ကျင်းပခဲ့တဲ့ ဆုပေးပွဲမှာ ဒီဆုကိုပေးအပ်ခဲ့တာဖြစ်ပြီး ကမ္ဘာ တစ်ဝှမ်းက
အင်္ဂလိပ်ဘာသာပြန်စာအုပ်တွေထဲမှာ အကောင်းဆုံးလို့ သတ်မှတ်ခံရတဲ့
စာအုပ်ဖြစ်ခဲ့တာပါ။
.
Taiwan Travelogue ဟာ မန်ဒရင်းတရုတ်ဘာသာကနေ
အင်္ဂလိပ်ဘာသာကို ပြန်ဆိုခဲ့တဲ့ စာအုပ်တွေထဲမှာ ပထမဆုံး
ဆုရရှိတဲ့စာအုပ်တစ်အုပ်ဖြစ်ခဲ့ပြီး အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ စာရေးဆရာမ ယန် ဟာ
ဒီဆုကို ရရှိခဲ့တဲ့ ပထမဆုံး ထိုင်ဝမ်လူမျိုးစာရေးဆရာလည်း ဖြစ်လာခဲ့ပါတယ်။
.
ဒီစာအုပ်က ဂျပန်အုပ်ချုပ်မှုအောက်မှာရှိခဲ့တဲ့
ထိုင်ဝမ်ရဲ့ ၁၉၃၀ နှစ်တွေကို နောက်ခံထားခဲ့ပြီး ဂျပန်ခရီးသွား မှတ်တမ်းတစ်ခုကို
ရှာဖွေတွေ့ရှိပြီး ဘာသာပြန်ထားသလိုမျိုး ပုံဖော်ထားတာပါ။ စာအုပ်ထဲမှာ ကိုလိုနီ နယ်မြေအတွင်း
ခရီးသွားလာမှုတွေ၊ အစားအသောက် စွန့်စားခန်းတွေအကြောင်းတွေကိုလည်း
ဆက်စပ်ပုံဖော်ထားပါသေးတယ်။
.
ဒိုင်အဖွဲ့ဥက္ကဋ္ဌ နာတာရှာဘရောင်းက “ဒီစာအုပ်က
စာဖတ်သူကို အံ့အားသင့်စေမယ့် စာအုပ်တစ်အုပ်ပါ။ အချစ်ဇာတ်လမ်းတစ်ပုဒ်အဖြစ်
ကောင်းကောင်းပုံဖော်နိုင်ခဲ့သလို ကိုလိုခေတ်နောက်ပိုင်းကို ထက်မြက်စွာနဲ့
ဝေဖန်သုံးသပ်ထားတဲ့ ဝတ္တုတစ်ပုဒ်လို့လည်း ကျွန်မတို့သုံးသပ်လို့ရပါတယ်” လို့
ဆိုပါတယ်။
.
ယန် ရဲ့ဒီစာအုပ်ဟာ ပြင်သစ်ဝတ္တုရေးဆရာ မာရီ ရဲ့
“မြို့ဆင်ခြေဖုံးက မိန်းမဆိုးအကြောင်း” ဝတ္တုနဲ့
ဘရာဇီး စာရေးဆရာ အန်နာပေါ်လာ ရဲ့ အကျဉ်းထောင်ကိုလိုနီ အကြောင်း ဝတ္တုတွေကို
ကျော်ဖြတ်ပြီး ဆုရသွား ခဲ့တာလည်းဖြစ်ပါတယ်။
.
မန်ဂါနဲ့ ဗီဒီယိုဂိမ်း ဇာတ်ညွှန်းတွေကိုလည်း
ရေးသားတဲ့ ယန် အတွက်တော့ ဒီစာအုပ်ဟာ အင်္ဂလိပ်ဘာသာကို ပထမဆုံးပြန်ဆိုခံရတဲ့
စာအုပ်တစ်အုပ်ဖြစ်ပြီး ထိုင်ဝမ်-အမေရိကန် ဘာသာပြန်သူ လင်ကင်း က ဘာသာပြန် ပေးခဲ့တာဖြစ်ပါတယ်။
.
သူတို့နှစ်ဦီးဟာ ဆုကြေးအနေနဲ့ ပေါင် ၅၀၀၀၀
ရရှိခဲ့ကြပြီး ဒီဆုငွေကို နှစ်ဦးမျှဝေယူရမှာဖြစ်ပါတယ်။
.

No comments:
Post a Comment