Peter ဘားဆိုင်မှ အမျိုးသမီးငယ်မှာ ဦးခေါင်းဒဏ်ရာကြောင့် ဦးနှောက်သွေးကြောပေါက် သေဆုံးကြောင်း ဆေးရုံအတည်ပြု - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, May 6, 2026

Peter ဘားဆိုင်မှ အမျိုးသမီးငယ်မှာ ဦးခေါင်းဒဏ်ရာကြောင့် ဦးနှောက်သွေးကြောပေါက် သေဆုံးကြောင်း ဆေးရုံအတည်ပြု

ရဲတပ်ဖွဲ့ က မထုတ်ပြန်သေး

.

၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်

.

တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင် သေဆုံးခဲ့သည့် မိန်းကလေးငယ်မှာ ဦးခေါင်းဒဏ်ရာဖြင့် ဦးနှောက်သွေးကြောပေါက် သေဆုံးခြင်းဖြစ်ကြောင်း စဝ်စံထွန်းဆေးရုံမှ အတည်ပြုခဲ့ပြီး ရဲတပ်ဖွဲ့က အတည်ပြု ထုတ်ပြန်ဖြေကြားခြင်း မရှိသေးကြောင်း သိရသည်။

.

.

“မှုခင်းဆရာဝန်ကြီးရဲ့ စစ်ဆေးချက်အရ ဦးခေါင်းမှာ ဒဏ်ရာရပြီးတော့ အတွင်းက ဦးနှောက်သွေးကြော ပေါက်၊ သွေးခဲပြီး သေဆုံးတာပါ” ဟု တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်း သို့ ပြောသည်။

.

Peter ဘားဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာ သည် မေလ ၄ ရက်၊ ညပိုင်းက သေဆုံးသူ အမျိုးသမီးငယ် အား စားသောက်ဆိုင်အတွင်း လာရောက်စားသောက်သည့် ဧည့်သည်မှ မုန့်ဖိုးပေးအပ်ခဲ့သည်ကို ၎င်းအား ပြောပြမှုမရှိခြင်းကြောင့် ဟုဆိုကာ ထိုးကြိတ်၊ ရိုက်နှက် ညှဉ်းပန်းခြင်းများ ပြုလုပ်ခဲ့ရာမှ အမျိုးသမီးငယ်မှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

သေဆုံးသူ မိန်းကလေးသည် ညောင်ရွှေမြို့နယ်၊ မင်းချောင်းလယ်ကျေးရွာမှ ယင်းဘားဆိုင်တွင် လာရောက် အလုပ်လုပ်ကိုင်နေသည့် အသက် ၁၆ နှစ်အရွယ် ဆိုင်ဝန်ထမ်းဖြစ်ပြီး ဘားဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာ မှာ ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့မရဲစခန်းမှူးအား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် ဖုန်းလက်ခံဖြေကြားခြင်း မရှိချေ။

.

မိန်းကလေးငယ် သေဆုံးမှုနှင့် ပတ်သက်၍ ကျူးလွန်သူအား ထိထိရောက်ရောက် အရေးယူပေးရန် ဒေသခံများအကြား ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။

.

No comments:

Post a Comment

Pages