အလုပ်သမား ၅ သောင်းနီးပါး ပါဝင်တဲ့ သပိတ်နဲ့ ပိုက်ဆံတွေ ထွက်ဦးမယ့် Samsung [ဆောင်းပါး] - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, May 21, 2026

အလုပ်သမား ၅ သောင်းနီးပါး ပါဝင်တဲ့ သပိတ်နဲ့ ပိုက်ဆံတွေ ထွက်ဦးမယ့် Samsung [ဆောင်းပါး]

တောင်ကိုရီးယားရဲ့ စီးပွားရေးဆိုတာ Samsung မရှိရင် ဘာမှ မဟုတ်ဘူး လို့ ပြောကြတဲ့အထိ သက်ရောက်မှု ကြီးခဲ့တဲ့ Samsung ဟာ လက်ရှိအချိန်မှာတော့ သူ့ရဲ့ကိုယ်ပိုင်ဝန်ထမ်းတွေနဲ့ အကြီးမားဆုံး အငြင်းပွားမှု တစ်ခုထဲကို ရောက်လို့နေပါတယ်။ အလုပ်သမား သောင်း နီးပါးပါဝင်တဲ့ ဒီသပိတ်မှောက်မှုက Samsung တစ်ခုတည်းတင်သာမကဘဲ တောင်ကိုရီးယားစီးပွားရေးကိုပါ လှုပ်ခတ်စေနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။

.
Samsung
လျှပ်စစ်ကုမ္ပဏီရဲ့အလုပ်သမား သမဂ္ဂက ဝန်ထမ်း ၄၈၀၀၀ ကျော်ဟာ ကြာသပတေးနေ့ကစပြီး ၁၈ ရက်ကြာ အလုပ်မဆင်းဘဲ သပိတ်မှောက်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ အဓိက ပြဿနာကတော့ ကုမ္ပဏီရဲ့ ဘောနပ်စ်ပေးတဲ့စနစ်ကို မကျေနပ်တာကြောင့်ပါ။
.
လက်ရှိမှာချမှတ်ထားတဲ့ Samsung ရဲ့ ဘောနပ်စ်စနစ်မှာ ဝန်ထမ်းတွေဟာ တစ်နှစ်စာလစာရဲ့ ၅၀ ရာခိုင်နှုန်းအထိသာ ဘောနပ်စ်ရနိုင်ပါတယ်။ ဒါပေမဲ့ သမဂ္ဂဖက်ကတော့ ကုမ္ပဏီအမြတ်ရဲ့ ၁၅ ရာခိုင်နှုန်းကို ဝန်ထမ်းတွေရဲ့ဘောနပ်စ်အဖြစ် ခွဲဝေပေးသင့်တယ်လို့ တောင်းဆိုနေကြပါတယ်။
.
သူတို့ရဲ့အမြင်မှာတော့ Samsung လို ကမ္ဘာ့ဈေးကွက်ကို ဦးဆောင်နေတဲ့ ကုမ္ပဏီကြီးတစ်ခုအတွက် လက်ရှိဘောနပ်စ်ပမာဏဟာ မျှတမှုမရှိဘူးဆိုတာပါပဲ။ အထူးသဖြင့် ပြိုင်ဖက်ဖြစ်တဲ့ SK Hynix က ဘောနပ်စ်တွေပိုပြီးပေးနေတယ် ဆိုတာကို အလုပ်သမား သမဂ္ဂက ထောက်ပြနေတာပါ။
.
Samsung
ဖက်ကတော့ ဒီတောင်းဆိုချက်တွေက လက်မခံနိုင်လောက်အောင် များလွန်းတယ်လို့ တုံ့ပြန်ထား ပါတယ်။ အမြတ်မရနိုင်တဲ့ ထုတ်ကုန်တွေအတွက် ဘောနပ်စ်ပေးဖို့ တောင်းဆိုနေတာက ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုကို ထိခိုက်စေနိုင်တယ်လို့ ပြောပါတယ်။


တကယ်တော့ Samsung ရဲ့သမိုင်းမှာ အလုပ်သမားသပိတ်ဆိုတာ မရှိသလောက်ကို နည်းခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၄ ခုနှစ်ကစပြီး Samsung ရဲ့ အခြေအနေတွေပြောင်းလာခဲ့သလို ၂၀၂၄ ဇွန်လမှာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဖြစ်တဲ့ အလုပ်သမား ဆန္ဒပြမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဇူလိုင်လမှာလည်း ထောင်ချီတဲ့ ဝန်ထမ်းတွေက ရက်ရှည်သပိတ် ဆင်နွှဲခဲ့ကြပါတယ်။ အဲဒီအချိန်ကစလို့ Samsung ဟာ သူ့အလုပ်သမား တွေနဲ့ အကွဲအပြဲတွေ စတင်ခဲ့တာပါ။
.
အခုတကြိမ်သပိတ်မှောက်မှုမှာ အားလုံးစိုးရိမ်နေကြတာက Samsung ရဲ့ Chip ပြားထုတ်လုပ်မှုကြောင့်ပါ။ Samsung ဟာ ကမ္ဘာ့ Memory Chip လောကမှာ အင်အားအကြီးဆုံး ကုမ္ပဏီဖြစ်ပြီး လက်ပ်တော့တွေ၊ အချက်အလက်စင်တာတွေ၊ ဖုန်းတွေ စတဲ့ နည်းပညာထုတ်ကုန် အားလုံးနီးပါးမှာ သူတို့ရဲ့ Chip ပြားတွေ အသုံးပြုနေကြတာပါ။
.
ဒီထုတ်လုပ်မှုသာ ရပ်သွားခဲ့ရင် နည်းပညာဈေးကွက်တစ်ခုလုံး ထိခိုက်လာနိုင်ပြီး Samsung ရဲ့ သပိတ်ကြောင့် နိုင်ငံရဲ့စီးပွားရေးတိုးတက်မှု . ရာခိုင်နှုန်းအထိ လျော့ကျသွားနိုင်တယ်လို့ ဗဟိုဘဏ်ကထုတ်ပြန်ထားတာပါ။ ဒါ့အပြင် ဆုံးရှုံးမှုတန်ဖိုးကလည်း ဒေါ်လာ ၂၀ ဘီလီယံအထိ ရှိနိုင်တယ်လို့ဆိုပါတယ်။
.
Samsung
ရဲ့ဝင်ငွေက တောင်ကိုရီးယား GDP ရဲ့ ၁၂. ရာခိုင်နှုန်းအထိ ရှိနေတဲ့အတွက် Samsung အထိနာရင် တောင်ကိုရီးယားလည်း အထိနာတယ် ဆိုတဲ့ အခြေအနေမျိုးပါ။
.
Samsung
ရဲ့ အလုပ်သမားသပိတ်အရေးက အခုဆိုရင် ကုမ္ပဏီနဲ့ဝန်ထမ်းကြား အခြေအနေကိုကျော်ပြီး တောင်ကိုရီးယားအစိုးရကတောင် စိုးရိမ်စွာနဲ့စောင့်ကြည့်နေရတဲ့ အမျိုးသားစီးပွားရေး ကိစ္စတစ်ရပ်လို ဖြစ်လာနေခဲ့တာပါ။
.
Samsung
ဖက်က ဒီသပိတ်ကိုတားဆီးဖို့ တရားရုံးဆီ တင်သွင်းခဲ့တဲ့ လျှောက်ထားမှုတချို့ကို ဆိုးလ်မြို့တော် တရားရုံးက လက်ခံပေးထားပါတယ်။
.
ဆူဝန်ပြည်နယ်တရားရုံးကတော့ အဓိက ထုတ်လုပ်ရေးလုပ်ငန်းခွင်တွေမှာ မရပ်တန့်သင့်တဲ့ လုပ်ငန်းခွင်တွေ ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပြီး အလုပ်သမား သမဂ္ဂအနေနဲ့ ကုမ္ပဏီအဆောက်အဦးတွေကို သိမ်းပိုက်တာမျိုး မလုပ်ရဘူးလို့လည်း တားမြစ်လိုက်ပါတယ်။
.
ဒီဆုံးဖြတ်ချက်က Samsung ကို အနိုင်ပေးလိုက်တာမျိုးမဟုတ်ပေမဲ့ တောင်ကိုရီးယား တရားစီရင်ရေး စနစ်က စီးပွားရေးထိခိုက်မှုတွေအပေါ် စတင်သတိထားနေပြီ ဆိုတဲ့အချက်ကို ပြသလိုက်တာမျိုးပါပဲ။
.
ဒီအခြေအနေမှာ တောင်ကိုရီးယားအစိုးရရဲ့ ရပ်တည်မှုက စိတ်ဝင်စားစရာကောင်းလာခဲ့ပါတယ်။ အစိုးရ ဆီမှာEmergency arbitration order” ဆိုတဲ့ အရေးပေါ်အာဏာရှိနေပြီး ဒီအမိန့်ကိုသုံးလိုက်ရင် သပိတ်ကို ရက် ၃၀ လောက် ရပ်ဆိုင်းထားလိုက်နိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုအမိန့်ကိုသုံးမယ်ဆိုရင် အစိုးရက ဒီ သပိတ်ဟာ နိုင်ငံစီးပွားရေးကို ကြီးမားတဲ့ထိခိုက်မှုဖြစ်စေမယ်လို့ သတ်မှတ်မှ ရမှာပါ။
.
လက်ရှိမှာတော့ Samsung နဲ့ သူ့အလုပ်သမားတွေရဲ့ဆွေးနွေးမှုကို တောင်ကိုရီးယားအစိုးရရဲ့ အလုပ်သမား ညှိနှိုင်းရေးကော်မရှင်က ကြားဝင်ကူညီပေးနေတာပါ။ ဒါပေမဲ့ နှစ်ဖက်လုံး ဘယ်လိုမှ အဆင်မပြေတော့ဘူး၊ ညှိမရတော့ဘူးဆိုရင် အစိုးရရဲ့ ကြားဝင်ကူညီပေးမှုက အဆုံးသတ်သွားခဲ့ပြီး အဆုံးအဖြတ်ပေးမယ့်အဖွဲ့ဆီ ဆက်သွားရမှာပါ။
.

အဲဒီအဖွဲ့က နှစ်ဖက်စကားတွေကိုနားထောင်ပြီးတဲ့နောက် ဆုံးဖြတ်ချက်တစ်ခုကို ချပေးမှာဖြစ်ပြီး အဲဒီဆုံး ဖြတ်ချက်ကို ၂ ဖက်လုံးလိုက်နာရမှာပါ။ တကယ်လို့ မလိုက်နာဘူးဆိုရင် ထောင်ဒဏ် ၂ နှစ်၊ ဒါမှမဟုတ် ငွေဒဏ်နဲ့အဆုံးသတ်သွားမှာပါ။
.
စိတ်ဝင်စားဖို့ကောင်းတာက ဒီ အရေးပေါ်အာဏာကို နောက်ဆုံးသုံးခဲ့တာက ၂၀၀၅ ခုနှစ်၊ ကိုရီးယား လေယာဉ်မှူးတွေ သပိတ်မှောက်ခဲ့ကြချိန်ပါ။ အဲဒီအချိန်တုန်းကတော့ ၄ ရက်အကြာမှာ လစာညှိနှိုင်းလို့ ရသွားပြီး ပြေလည်သွားခဲ့ကြပါတယ်။
.
လက်ရှိမှာတော့ အစိုးရက စောင့်ကြည့်နေတုန်းပါ။ Samsung ကလည်း ခေါင်းမာနေတုန်း။ အလုပ်သမား တွေကလည်း တင်းခံနေကြတုန်းပါ။
.
ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာထက် ဒီဖက်နှစ်တွေမှာ Samsung လည်း တော်တော်ဇာတာ နိမ့်နေပုံပါပဲ။
.
#KBZTai #International #Samsung #Korea
.

 

No comments:

Post a Comment

Pages