.
၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်
.
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ထဲက ဈေးအကြီးဆုံး
အိမ်တစ်လုံးကို ငှားရမ်းပြီး တားမြစ်ထားတဲ့ “Zombie Drug” လို့ခေါ်တဲ့
Vape ထုတ်လုပ်နေတဲ့ တရုတ် လူမျိုး ၂ ယောက်ကို
ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
.
.ဖမ်းဆီးမှုကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘန်လာမွန်ခရိုင်၊
ဟွိုင်ရိုင်အုပ်စုမှာ ပြုလုပ်ခဲ့တာပါ။ အိမ်နီးချင်းတချို့ရဲ့ တိုင်ကြားမှုကနေ
ဝင်ရောက်စစ်ဆေးမှု ပြလုပ်ဖို့ ဝရမ်းတောင်းခံခဲ့ရတာ ဖြစ်ပြီး ငှားရမ်းထားတဲ့ အိမ်တစ်လုံးအတွင်းမှာ
တရုတ်အမျိုးသားနှစ်ယောက်က ဓာတုပစ္စည်းတွေ ရောစပ်နေကြတဲ့အကြောင်းနဲ့
သံသယဖြစ်ဖွယ်ကောင်းတဲ့အကြောင်း အနီးအနားနေသူတွေက တိုင်ကြားခဲ့ကြပါတယ်။
.
တရားရုံးအမိန့်နဲ့ ဝင်ရောက်စီးနင်းချိန်မှာတော့
နှစ်ထပ်အိမ်အတွင်းမှာ ပလတ်စတစ်ပုံးတွေ၊ အိတ်တွေနဲ့ ထည့်ထားတဲ့ ဓာတုပစ္စည်းတွေကို
အများအပြားတွေ့ခဲ့ရတာပါ။ နေအိမ်ရဲ့အပေါ်ထပ်ကိုတော့ မှန်ခန်းတွေနဲ့
ပြန်လည်ကာရံထားပြီး ဓာတုပစ္စည်းပြုပြင်တဲ့ စက် ၃ လုံး ပါဝင်တဲ့
ဓာတ်ခွဲခန်းတစ်ခုကိုလည်း တွေ့ခဲ့ရတာပါ။
.
ဒီစက်တွေက ထိုင်းနိုင်ငံထဲမှာ ပိတ်ပင်ထားတဲ့ “Zombie
Drug” လို့ခေါ်တဲ့ မူးယစ်ဆေးတစ်မျိုးကို ထုတ်လုပ်တဲ့
စက်တွေဖြစ်နေပြီး ထိုင်းနိုင်ငံတွင်းအသုံးများလာတဲ့ မူးယစ်ဆေး Vape တွေနဲ့ ဆက်စပ်မှု ရှိနေတာပါ။
.
ဒီ အိမ်မှာနေထိုင်တဲ့ အသက် ၄၇ နှစ်အရွယ်
ဇောင်းနဲ့ အသက် ၂၄ နှစ်အရွယ် တန်ဇီ တို့ကို ဓာတ်ခွဲခန်းထဲမှာ အလုပ်လုပ်နေရင်း
ဖမ်းဆီးမိခဲ့တာပါ။သူတို့နှစ်ယောက်က သူတို့ကိုယ်တိုင်လည်း ဝန်ထမ်းတွေဖြစ်ပြီး
ဒီအိမ်ကိုစောင့်ဖို့နဲ့ ဓာတုပစ္စည်းရောစပ်စက်တွေကို ကြီးကြပ်ဖို့ ငှားရမ်းခံထားရတာလို့
ဆိုပါတယ်။
.
ဆက်လက်စစ်ဆေးမှုတွေအရ နေအိမ်ရဲ့အနောက်ဖက်
ကီလိုမီတာ ၂၀ လောက်မှာ ဂိုဒေါင်တစ်လုံးကို ရှာဖွေ တွေ့ရှိခဲ့ပြီး
ဓာတုပစ္စည်းတွေထည့်ထားတဲ့ ကွန်တိန်နာတွေ၊ အလေးချိန်တိုင်း ကိရိယာတွေနဲ့ မူးယစ်ဆေး ထုတ်တဲ့နေရာမှာ
အသုံးပြုတဲ့ ဓာတ်ခွဲခန်းသုံးပစ္စည်းတွေကို ထပ်ပြီးတွေ့ခဲ့တာပါ။
.
ရဲတပ်ဖွဲ့ကတော့ ဒီ စီးနင်းမှုဟာ ပြီးခဲ့တဲ့ ၂
လအကြာက နွန်ပလာလိုင် အတွင်း အငှားအိမ်တစ်လုံးမှာ ဓာတုပစ္စည်းတွေ
သိမ်းဆည်းရရှိတဲ့အမှုနဲ့ ဆက်စပ်နေတဲ့အကြောင်း ပြောဆိုထားပါတယ်။
.
ထိုင်းနိုင်ငံထဲမှာတော့ တရုတ်လူမျိုးတွေက
ဆက်တိုက်ဆိုသလို ဖမ်းဆီးခံနေရပြီး အဲဒီဖမ်းဆီးခံရမှုတွေမှာ
သူတို့အိမ်နီးချင်းတွေရဲ့ တိုင်ကြားမှုတွေက အဓိက ကျနေခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ တရုတ် VIP ဖဲဝိုင်းတစ်ခုကို
အိမ်နီးချင်းတွေ တိုင်ကြားတာကြောင့် အဖမ်းခံခဲ့ကြရပါသေးတယ်။
.

No comments:
Post a Comment