လောက်ကိုင်တွင် ရာဇဝတ်မှု ကျူးလွန်သည်ဟုဆိုကာ အမျိုးသား ၄ ဦးကို သေဒဏ်ပေး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, June 13, 2026

လောက်ကိုင်တွင် ရာဇဝတ်မှု ကျူးလွန်သည်ဟုဆိုကာ အမျိုးသား ၄ ဦးကို သေဒဏ်ပေး

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃ ရက်

.

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ MNDAA ထိန်းချုပ်ရာ လောက်ကိုင်မြို့တွင် လူသတ်မှု နှင့် ရာဇဝတ်မှုများ ကျူးလွန်သည်ဟုဆိုကာ အမျိုးသား ၄ ဦး အား MNDAA တပ်ဖွဲ့က ယနေ့ ဇွန်လ ၁၃ ရက်တွင် သေဒဏ် ပေးလိုက်သည်ဟု လောက်ကိုင်မြို့ခံများ ထံက သိရသည်။

.

.

ယနေ့မနက်ပိုင်းတွင် အမျိုးသား ၇ ဦးအား လောက်ကိုင်မြို့ ဘောလုံး ကွင်း အတွင်း ခေါ်ဆောင်လာပြီး အများရှေ့တွင် ယခုကဲ့သို့ စီရင်ချက်ချခဲ့ခြင်း ဖြစ် သည်ဟု သိရသည်။

.

“အသက်ကြီးတဲ့သူ တစ်ယောက်ပါတယ်။ ကျန်တဲ့လူတွေကတော့ ငယ်သေးတယ်။ နှစ်ယောက်တွဲ၊ သုံးယောက်တွဲ ကားနဲ့ ခေါ်လာတာ။ ကျောင်းသားတွေရော၊ စစ်သားတွေရော၊ မြို့ခံတွေရော အကုန် သွားကြည့်ရတယ်” ဟု လောက်ကိုင်မြို့ခံ တစ်ဦးက ပြောသည်။

.

လူသတ်မှု ကျူးလွန်သူ အမျိုးသား ၄ ဦးအား အများရှေ့တွင် စီရင်ချက် ဖတ်ကြားပြပြီး ပြစ်မှုထင်ရှားသည် ဟုဆိုကာ သေဒဏ်စီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်ပြီး ကျန် ၃ ဦးကိုလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည် ဟု သိရသည်။

.

သေဒဏ်ပေးခံရသူများကို စီရင်ချက်ချပြီးနောက် တစ်ခါတည်း စီရင်လိုက် သည်ဟု မြို့ခံများထံမှ သိရသည်။

.

“တစ်ခါတည်း ခေါ်သွားတာပဲ။ ပြီးတော့ သေနတ်နဲ့ စီရင်လိုက်တာ။ နောက် ကို လူသတ်မှုတွေ မလုပ် ရဲအောင်ဆိုပြီး လုပ်ပြတာလို့ ပြောတယ်” ဟု လောက်ကိုင်မြို့ခံတစ်ဦးက ပြောသည်။

.

အဆိုပါ စီရင်ချက်ချသည့် အခမ်းအနားသို့ လောက်ကိုင်မြို့ခံ ထောင်နှင့်ချီ လာရောက်ကြည့်ရှုခဲ့ကြသည်ဟု သိရသည်။

.

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ အနေဖြင့် ရှမ်းမြောက်ဒေသ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုံးကိုး၊ ကွမ်းလုံ၊ ကွတ်ခိုင် အပါအဝင် မြို့ပေါင်း ၁၀ မြို့အား ထိန်းချုပ်ထားပြီး ယင်းမြို့များတွင် လူသတ်မှု၊ မုဒိမ်းမှု၊ ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ကျူးလွန်သူများအား ဖမ်းဆီးရမိပါက ယခုကဲ့သို့ အများရှေ့တွင် စီရင် ချက်ချလေ့ရှိသည်။

.

၂၀၂၅ ခုနှစ် ဧပြီလနှင့် ဒီဇင်ဘာလများတွင် လူသတ်၊ ဓားပြတိုက်၊ ပြန်ပေးဆွဲမှု ကျူးလွန်သူ အမျိုးသား ၈ ဦး ကို မုံးကိုးမြို့နှင့် လားရှိုးမြို့ရှိ အများပြည်သူ ရှေ့တွင် MNDAA တပ်ဖွဲ့က သေဒဏ်စီရင်ခဲ့ဖူးသည်။

.

News – SS (KBZTai) / Photo - The Kokang

.

No comments:

Post a Comment

Pages