တောင်ကြီးက မိန်းကလေးငယ် ၂ ဦးကို အမျိုးသမီးတစ်ဦးက အေးသာယာရှိ ပြည့်တန်ဆာ ခန်းသို့ ရောင်းစားမှု ဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 15, 2026

တောင်ကြီးက မိန်းကလေးငယ် ၂ ဦးကို အမျိုးသမီးတစ်ဦးက အေးသာယာရှိ ပြည့်တန်ဆာ ခန်းသို့ ရောင်းစားမှု ဖြစ်ပွား

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နေ မိန်းကလေးငယ် ၂ ဦးကို ရွှေညောင်မြို့မှ အမျိုးသမီးတစ်ဦးက အေးသာယာမြို့ရှိ ပြည့်တန်ဆာခန်းတွင် လှည့်ဖျားရောင်းစားမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

တောင်ကြီးမြို့နေ အသက် ၁၆ နှစ်နှင့် ၁၇ နှစ်အရွယ် မိန်းကလေးငယ် နှစ်ဦးသည် အလုပ်အကိုင် ရှာဖွေနေရာမှ ဇွန်လ ၁၃ ရက်တွင် ရွှေညောင်မြို့သို့ ရောက်ရှိခဲ့ပြီး ရွှေညောင်မြို့၊ ရွှေဘုံသာရပ်ကွက်နေ အမျိုးသမီး ၂ ဦးနှင့် တွေ့ဆုံခဲ့ကာ မိန်းကလေးငယ်များအား အေးသာယာမြို့ရှိ KTV တစ်ခု၌ အလုပ် အပ်ပေးမည်ဖြစ်ကြောင်းနှင့် လစာကောင်းကောင်းပေမည်ဟု ပြောဆိုစည်းရုံး၍ အေးသာယာမြို့ရှိ နန်းရွှေရည် ပြည့်တန်ဆာခန်း၌ တစ်ဦးလျှင် တစ်သိန်းကျပ်ပေးကာ လိမ်လည်လှည့်ဖျား ရောင်းစားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

မိန်းကလေးငယ် နှစ်ဦးသည် ယင်းအမျိုးသမီး ပြန်သွားပြီးနောက် ညပိုင်းအချိန်မှသာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင် နေသည့် အိမ်ဖြစ်သည်ကို သိရှိခဲ့ရပြီး နောက်တစ်နေ့ ဇွန်လ ၁၄ ရက်တွင် မိန်းကလေးငယ်တစ်ဦးမှ ထွက်ပြေးခဲ့ကာ ရွှေညောင်-ရပ်စောက်လမ်းဆုံ မီးပွိုင့်တွင် တာဝန်ကျနေသော ယာဉ်ထိန်းရဲအား အကူအညီ တောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“တစ်ယောက်က ကျောင်းကြီးစုရပ်ကွက်က၊ တစ်ယောက်က ဘုရားဖြူရပ်ကွက်ကလို့ သိရတယ်။ လိမ်ပြီးတော့ ပြည့်တန်ဆာခန်းမှာ လိမ်လည်ရောင်းစားခံရတာပါ” ဟု တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောဆိုခဲ့သည်။

.

သို့ဖြစ်၍ ယာဉ်ထိန်းရဲမှ အေးသာယာနယ်မြေရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားပေးခဲ့ပြီး အေးသာယာ ရဲစခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ထွက်ပြေးလွတ်မြောက်လာသည့် မိန်းကလေးငယ်နှင့် နန်းရွှေရည် ပြည့်တန် ဆာခန်းတွင် ကျန်ရှိနေသည့် ကျန် မိန်းကလေးငယ်အား သွားရောက်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသူက “ကျွန်တော်တို့ဆီမှာ လာတိုင်တာ တော့ မရှိပါဘူး။ တကယ်လို့ သာ အေးသာယာမှာ အဲဒီလို‌ရောင်းစားခံရရင် ကျွန်တော်တို့ကို လာပြောမှာပေါ့။ တကယ် ကျွန်တော်တို့ဆီမှာ ဖြစ်သွားတယ်။ ပြဿနာတက်တယ်၊ ကျွန်တော်တို့ဆီ ရောက်လာတယ် ဆိုရင်တော့ ဖြေရှင်းရမှာပေါ့” ဟု ပြောဆိုခဲ့သည်။

.

အေးသာယာမြို့သည် တောင်ကြီးမြို့နယ် အတွင်း၌ တည်ရှိသော မြို့ဖြစ်ပြီး KTV အနှိပ်ခန်းများ အပြင် ပြည့်တန်ဆာခန်းများကို တရားဝင်သဖွယ် ဖွင့်လှစ်ထားသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီး ဖြစ်ကာ အမျိုးကောင်းသမီးများနှင့် အများပြည်သူများ အတွက် စိတ်အနှောင့်အယှက် ဖြစ်နေရလျက် ရှိသော အခြေအနေ ဖြစ်သည်။

.

No comments:

Post a Comment

Pages