အိမ်ရှင် အင်ဒိုနီးရှားကို ၃ ဂိုးပြတ်ရှုံးခဲ့တဲ့ မြန်မာယူ-၁၉၊ လာမယ့်ပွဲမှာ ဗီယက်နမ်နဲ့ တွေ့ဦးမယ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, June 2, 2026

အိမ်ရှင် အင်ဒိုနီးရှားကို ၃ ဂိုးပြတ်ရှုံးခဲ့တဲ့ မြန်မာယူ-၁၉၊ လာမယ့်ပွဲမှာ ဗီယက်နမ်နဲ့ တွေ့ဦးမယ်


ယမန်နေ့ ဇွန်လ ၁ ရက် ညနေက ကန်ခဲ့တဲ့ ၂၀၂၆ အာဆီယံ ယူ၁၉ ပြိုင်ပွဲရဲ့ အုပ်စု (က) ပထမပွဲမှာတော့ မြန်မာအသင်းက အိမ်ရှင်ဖြစ်တဲ့ အင်ဒိုနီးရှား အသင်းကို ၃-၀ ဆိုတဲ့ ဂိုးရလာဒ်နဲ့ အရှုံးပေးလိုက်ရပါတယ်။ ပထမပိုင်းမှာကတည်းက ဦးဆောင်ဂိုး ပေးလိုက်ရတဲ့ မြန်မာအသင်းက ပွဲချိန် ဒုတိယပိုင်းမှာလည်း စိတ်ပျက်စရာ ကစားပုံကိုပဲ ဆက်လက် ပြသသွားခဲ့ပြီး ပွဲအပြီးမှာ ဂိုးပြတ် ရှုံးသွားခဲ့ရတာပါ။

.
ပရိသတ်တွေကတော့ မနေ့ညကပွဲမှာ မြန်မာအသင်းရဲ့ကစားပုံက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ တွေ့ရတဲ့ အာဆင်နယ်ရဲ့ ကစားပုံနဲ့တောင် သွားပြီး တူနေတယ်လို့ မှတ်ချက်ပေးနေကြတာပါ။ အကြောင်းရင်းကတော့ အင်ဒိုနီးရှား ဂိုးသမား ဘယ်သူဆိုတာကို ပထမပိုင်း တစ်ပိုင်းလုံး သိပ် မမြင်လိုက်ကြရဘဲ ဘောလုံးက မြန်မာဂိုး ရှေ့မှာတင် ဝဲနေတာကြောင့်ပါပဲ။
.
ပွဲချိန် ဒုတိယပိုင်းမှာ ပေးလိုက်ရတဲ့ ဒုတိယဦးဆောင်ဂိုးကလည်း စိတ်ညစ်စရာကြီးပါ။ ဘောလုံးကို ဂိုးသမားနဲ့ နောက်တန်း အချင်းချင်း ပေးနေကြရင်း ပြိုင်ဖက်ကစားသမားက ရသွားပြီး ဂိုးပေးလိုက်ရတာပါ။
.
မြန်မာအသင်းအနေနဲ့ အုပ်စုကနေ တက်ဖို့ဆိုရင် လာမယ့်ဇွန်လ ၄ ရက်မှာ ကစားရမယ့် ဗီယက်နမ်ကို အနိုင်ယူဖို့ လိုနေတာပါ။ ဗီယက်နမ်ကလည်း အဖွင့်ပွဲမှာ တီမောအသင်းကို ၃-၀ နဲ့ နိုင်ခဲ့တာ ဖြစ်ပြီး အုပ်စုကို အင်ဒိုနီးရှားနဲ့အတူ ဦးဆောင်နေတာပဲ ဖြစ်ပါတယ်။
.
ပရိသတ်တွေကတော့ မျှော်လင့်ချက် သိပ်ထားမနေကြတော့ပါဘူး။ အင်ဒိုနီးရှား ကိုတောင် မနိုင်တဲ့နောက် ဗီယက်နမ်ကိုလည်း နိုင်မှာ မဟုတ်ဘူးဆိုတာ လက်ခံထားနေကြပြီ ဖြစ်ပြီး တီမော အသင်းကိုတော့ သရေလောက် ကစားနိုင်ရင် ကံကောင်း လို့ မှတ်ချက်ပေးနေကြပါတယ်။

.
#KBZTai #Shan #Myanmar #U19

No comments:

Post a Comment

Pages