.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်
.
■ ဂျာမနီ - ကူရာကာအို (ည ၁၁-၃၀)
.
ဘောလုံးပရိသတ် တော်တော်များများက ဂျာမနီနဲ့ ကန်မယ့်
နိုင်ငံရဲ့နာမည်ကိုတောင် သိကြမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကူရာကာအိုဆိုတဲ့
ကျွန်းနိုင်ငံလေးက ဒီနှစ်မှာ ကမ္ဘာ့ဖလားရဲ့ မျက်နှာသစ်အသင်းလေး ဖြစ်လာခဲ့တာ ပါ။
ခြေစစ်ပွဲအဆင့်မှာ ဘာမြူဒါ၊ ထရီနီဒက်၊ ဂျမေကာ တို့လိုအသင်းတွေကို
ဖြတ်ကျော်ခဲ့တာဖြစ်ပြီး တိုက်စစ် စွမ်းဆောင်ရည်ကောင်းတွေကို ပြထားတဲ့အသင်းပါ။
.
ဒီပွဲက ဂျာမနီအတွက် တော်တော်လေး လွယ်ပြီး ၃ မှတ်
အလကားရမယ့်ပွဲမျိုးပါ။ ဒါပေမဲ့ တစ်ခုရှိတာက ဂျာမနီ ၄ ဂိုးအထိ
ပြတ်ပါ့မလားဆိုတာပါပဲ။
.
ဒီအုပ်စုမှာ အိုင်ဗရီကို့စ်၊ အီကွေဒေါ တို့လို
မာတဲ့အသင်းတွေ ပါနေတာမို့ ဂျာမနီက သူတို့ရဲ့လူစာရင်းကို ချန်ကစားမလားဆိုတာလည်း
သတိထားဖို့လိုပါသေးတယ်။
.
ဘယ်လိုပဲဖြစ်ဖြစ် ဂျာမနီလူစာရင်းမှာ ဟာဗက်ဇ်၊
မူဆီယယ်လာ၊ ဆာနေး၊ ဝစ်ဇ် တို့လို တိုက်စစ်ကစားသမား ကောင်းတွေ အများကြီးမို့
ဘယ်သူ့ကိုပဲသုံးသုံး ဂျာမနီ ဂိုးရမှာကတော့ သေချာပါတယ်။
.
ကူရာကာအိုကလည်း ခြေစမ်းပွဲမှာ စကော့တလန်လို
အသင်းကိုတောင် ၄ ဂိုးပေးထားခဲ့တာမို့ ဂျာမနီကို လည်း အဲဒီလောက်တော့ ပေးမယ်လို့
ထင်မိပါတယ်။ ဂျာမနီ အနည်းဆုံး ၄ ဂိုးလောက်သွင်းပြီး နိုင်မယ့် ပွဲမျိုးပါ။
.
■ နယ်သာလန် - ဂျပန် (နံနက် ၂-၃၀)
.
ဒီပွဲက အုပ်စု F ရဲ့ပွဲကောင်းတစ်ပွဲလို့
ပြောရမှာပါ။ တိုက်စစ်အမြန်ဆော့တဲ့ အသင်းနှစ်သင်း တွေ့တဲ့ပွဲဖြစ်ပြီး ဂျပန်ရဲ့ တောင်ပံတိုက်စစ်တွေနဲ့
နယ်သာလန်ခံစစ် ယှဉ်မယ့်ပွဲလို့ ပြောရင်လည်း မမှားပါဘူး။
.
နယ်သာလန်ရဲ့ တိုက်စစ်မှာ ဒီပေး၊ ဂက်ပိုနဲ့
မာလန်းအတွဲကို တွေ့ရဖို့ရှိနေပြီး ကွင်းလယ်မှာ ရိုင်ဒါ၊ ဂရာဗန်ဘတ်နဲ့ ဒီဂျောင်
တို့ကစားမှာပါ။ ခံစစ်မှာတော့ ဒမ်ဖရီးစ်၊ ဟက်ကီ၊ ဗန်ဒိုက်နဲ့ ဗန်ဒီဗန်
တို့ကစားကြဖို့ ရှိပါတယ်။
.
ဂျပန်မှာတော့ မီတိုမာ၊ မီနာမီနို တို့လို
တကယ်ကောင်းတဲ့ ကစားသမားတွေကို ဒဏ်ရာကြောင့် ဆုံးရှုံးထား ရပြီး အသင်းခေါင်းဆောင်
အန်ဒိုလည်း မပါနိုင်တာမို့ တော်တော်လေး အားလျော့နေတာပါ။ ဂျပန်တိုက်စစ် မှာ
ပဲလေ့စ်တိုက်စစ်က ကာမဲဒါနဲ့ ကူဘို တို့ကိုပဲ အားပြုကစားရမှာဖြစ်ပြီး
လိဒ်ယူနိုက်တက်ရဲ့ တာနာကာ က ကွင်းလယ်ကို ဦးဆောင်လာမှာပါ။ အာဆင်နယ်ကစားသမားဟောင်း
တိုမီယာဆု ကိုတော့ အရန်ခုံမှာပဲ တွေ့ရဖို့ ရှိနေပြီး ဘိုင်ယန်နောက်ခံလူ အီတို က
ဂျပန်အသင်းရဲ့ခံစစ်ကို ဦးဆောင်ကစားမှာဖြစ်ပါတယ်။
.
ဂျပန်အသင်းရဲ့ပုံမှန်လူစာရင်းအတိုင်းဆိုရင်
နယ်သာလန်ကို သေချာပေါက် ယှဉ်ကစားနိုင်မှာဖြစ်ပေမဲ့ မီတိုမာ နဲ့ မီနာမီနို၊ အန်ဒို
ဆိုတဲ့ ၃ ယောက်အားက နည်းတာမဟုတ်ပါဘူး။ ကွင်းလယ်ခံစစ်မှာရော၊ တောင်ပံ တိုက်စစ်မှာပါ
သေချာပေါက်အားနည်းသွားမှာဖြစ်ပြီး နယ်သာလန်ကို ယှဉ်နိုင်ဖို့
တော်တော်ရုန်းကန်ရမယ်လို့ ထင်မိပါတယ်။
.
နယ်သာလန်ကလည်း ကွင်းလယ်၊ တိုက်စစ်နဲ့ ခံစစ်
နေရာစုံမှာ ကြယ်ပွင့်ကစားသမားတွေချည်းပဲမို့ ဂျပန် ဖက်ကို တစ်ဂိုးလောက်တော့
သွင်းနိုင်လိမ့်မယ်လို့ ထင်မိတယ်။ နယ်သာလန် ၃ မှတ်ရသွားမယ့်ပွဲမျိုးပါ။
.
■ အိုင်ဗရီကို့စ် - အီကွေဒေါ (နံနက် ၅-၃၀)
.
ဒီပွဲက အာဖရိကရဲ့လူကြမ်းအသင်းနဲ့
တောင်အမေရိကရဲ့လူကြမ်းအသင်း တွေ့တဲ့ပွဲလို့တောင် ပြောလို့ရပါ တယ်။ ဘောလုံးကို
ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်း အားပြုကစားကြတဲ့အသင်းမို့ ဂိုးတွေ မတွေ့ရရင်တောင်
အဝါကတ် တွေကိုတော့ တွေ့ရမယ့်ပွဲပါ။
.
အိုင်ဗရီကို့စ်က လိုက်ပ်ဇစ်တိုက်စစ်မှူး
ဒီယာမွန်ဒီ၊ ပဲလေ့စ်ရဲ့ဂက်ဆန်၊ မန်ယူရဲ့ ဒီယာလိုတို့အပြင် နော်တင်ဟမ် ကွင်းလယ်လူ
ဆမ်ဂရီ တို့နဲ့ အုပ်လိုက်ကြီး ကောင်းနေတာပါ။ ဒါ့အပြင် ကွင်းလယ်မှာ ဖိုဖာနာ၊ ကစ်ဆီ
တို့လို မာတဲ့ ကစားသမားတွေလည်း ရှိနေသေးတာမို့ တိုးဖို့ထင်သလောက် မလွယ်ပါဘူး။
ဒါပေမဲ့ လည်း ခံစစ်ပိုင်းမှာတော့ အိုင်ဗရီကို့စ်က သိပ်အားမကောင်းတဲ့ အနေအထားမှာရှိနေပြီး
ဂါလာတာစာရေးက ဆင်ဂို၊ ဘက်ဆစ်တပ်က အက်ဘာဒူ တို့ကို အထိုင်ချ ကစားရမှာပါ။
.
အီကွေဒေါကတော့ ချယ်လ်ဆီးကွင်းလယ်လူ ကိုင်ဆီဒို
တို့အသင်းပါ။ တိုက်စစ်က ထင်သလောက်မဟုတ် ပေမဲ့ ကွင်းလယ်မှာ ကိုင်ဆီဒို ရှိနေတာရယ်၊
ခံစစ်မှာ PSG ရဲ့ပါချိုနဲ့ အာဆင်နယ်ရဲ့ဟင်ကာပီ အတွဲ ရှိနေတာ ရယ်ကြောင့်
ဂိုးသွင်းဖို့ လွယ်မှာမဟုတ်တဲ့အသင်းမျိုးလို့ ပြောလို့ရပါတယ်။
.
ခြေစမ်းပွဲတွေမှာတော့ နှစ်သင်းစလုံး
ရလာဒ်တွေကောင်းထားကြပြီး ပြင်သစ်လို အသင်းမျိုးကို ခြေစမ်းပွဲမှာ နိုင်ခဲ့တဲ့
အိုင်ဗရီကို့စ်ရဲ့ခြေစွမ်းက ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။
.
ကြံ့ခိုင်မှုခြင်း ယှဉ်ရမယ့်ပွဲဖြစ်တာမို့
ဘောလုံးက ကွင်းလယ်မှာပဲ ပျက်နေဖို့များပြီး တစ်မှတ်စီ ခွဲယူရဖို့
များတဲ့ပွဲမျိုးပါပဲ။
.
■ ဆွီဒင် - တူနီးရှား (နံနက် ၈-၃၀)
.
ကမ္ဘာ့ဖလားခြေစစ်ပွဲတုန်းက
ဝေဖန်မှုပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး နည်းပြအပြောင်းအလဲတွေပါ ဖြစ်ခဲ့တဲ့
ဆွီဒင်ရဲ့ခြေစွမ်းကို ထပ်ပြီးစောင့်ကြည့်ရမယ့်ပွဲပါ။ နယ်သာလန်၊ ဂျပန်တို့ ပါနေတဲ့ အုပ်စုမို့
နည်းနည်းလေး အမှားလုပ်လို့မရတဲ့ အနေအထားဖြစ်နေပြီး ယော်ကရက်စ်၊ အီဆက် အတွဲ
ဘယ်လောက် လုပ်ပြနိုင်မလဲ စောင့်ကြည့်ရမှာပါ။
.
ဆွီဒင်က နေရာစုံမှာ ကောင်းနေတာမျိုးမဟုတ်ပေမဲ့
သူတို့ရဲ့တိုက်စစ်က တော်တော်လေး တောင့်တဲ့အထဲမှာ ပါပါတယ်။
ပရီးမီးယားလိဂ်ရဲ့တန်ဖိုးကြီး တိုက်စစ်အတွဲဖြစ်တဲ့ ယော်ကရက်စ်၊ အီလန်ဂါ၊ အိုင်ဆက်
အတွဲက ဆွီဒင်ရဲ့အဓိက တိုက်စစ်အဖြစ် ကစားဖို့ရှိနေပြီး ကွင်းလယ်မှာ အာယာရီ၊
ခံစစ်မှာ လင်ဒီလော့ဖ် တို့ရှိနေ တာပါ။
.
တူနီးရှားမှာတော့ ပြောစရာကစားသမားဆိုလို့
ဘန်လေတိုက်စစ်က မဲဘရီ တစ်ယောက်ပဲရှိပြီး ကျန်တဲ့ ကစားသမားတွေက ဥရောပရဲ့အသင်းနိမ့်လေးတွေမှာ
ကစားနေကြတာပါ။
.
ကမ္ဘာ့ဖလားမတိုင်ခင် ခြေစမ်းပွဲရလာဒ်တွေမှာတော့
နှစ်သင်းစလုံးက အားရစရာမရှိပါဘူး။ ဆွီဒင်က နော်ဝေနဲ့ ဂရိကို
နိုင်အောင်မကစားနိုင်ခဲ့ဘဲ တူနီးရှားကတော့ ဘယ်လ်ဂျီယံကို ၅ ဂိုးအထိ ပေးပြီး
ရှုံးထား တာပါ။
.
ခြေစွမ်းအရ ဘယ်လိုပဲဖြစ်ဖြစ် ဒီအုပ်စုမှာ
တူနီးရှားက အားအနည်းဆုံးအသင်းလို့ သတ်မှတ်ခံထားရတာမို့ ဆွီဒင်အနေနဲ့
တူနီးရှားဆီကသာ အမှတ်မရရင် ဘာမှ ဆက်လုပ်လို့မရတဲ့ အနေအထားဖြစ်သွားမှာပါ။
ယော်ကရက်စ်ဆီက တစ်ဂိုးလောက်တော့ မျှော်လင့်လို့ရနိုင်တာမို့ ဒီပွဲမှာ ဆွီဒင် ၃ မှတ်
ရသွားနိုင်ပါတယ်။
.

No comments:
Post a Comment